မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Friday, October 30, 2009

၎ လသား အဂ္ဂဘုန်း

ဘွားဘွားအေးနဲ့ ပျော်နေတဲ့သား
သားက ထိုင်နိုင်နေပြီဗျ။
ဒီလောက်တော့ အေးဆေးပါ။ အဟဲ။
၃ လပြည့်ပြီးရင် မြေကြီးနင်းရမယ်ဆိုလို့ဗျာ။
မာလီယွန်ကြီး ဟိုဘက်လှည့်၊ သားသား ဒီဘက်လှည့်
ကရော် ကရော် ရှက်ပါတယ်ကွယ်။း)
အောက်ဆင်းပြီး လမ်းလျှောက်ချင်လိုက်တာဗျာ။
သားသားရယ်ပြနေတာ ကြည့်ပါဗျ၊ ဖေကြီးရ။
သားကိုဓာတ်ပုံရိုက်နေတာ ဘယ်သူပါလိမ့်။
သားသားယားတယ်ဗျ၊ ဖေကြီးရ။
ကိုယ့်ပုခက်ထဲမှာပဲ ကိုယ် အေးအေးဆေးဆေး ထိုင်နေတော့မယ်။
တခါတခါ မှောက်ဖို့ ကြိုးစားရတာ မလွယ်ဘူးဗျို့။

Thursday, July 9, 2009

၁ လနဲ့ ၈ရက်သား အဂ္ဂဘုန်း

ရေချိုးပြီးပြီ၊ အိပ်တော့မယ်။
ရေချိုးပြီးလို့ အိပ်ချင်နေတယ်။

Tuesday, June 30, 2009

တလသား အဂ္ဂဘုန်း

ဒီနေ့ သားသား တလပြည့်ပြီ

တလပြည့်လို့ ဘွားဘွားကြီးက ကတုံး တုံးပေးတယ်။


ကတုံး တုံးပြီး အပူတွေထွက်လို့ ရှိန်းတိန်းဖိန်းတိန်းနဲ့ နေလို့ထိုင်လို့ ကောင်းသွားသလိုပဲ။

Monday, June 15, 2009

ဆက်ရေးရန်ရှိသော သားလေးဒိုင်ယာရီ

ကိုယ် လိုချင်တပ်မက်ခဲ့တဲ့ သားလေး
ကိုယ့်ဆီရောက်လာပေါ့
မေ ၃၁၊ ၂၀၀၉ တနင်္ဂနွေ မနက် ၈ နာရီ ၅၄။

နာ့စ်မလေးကပြောတယ်
ရှင့်မိန်းမကို ခွဲခန်းခေါ်သွားတော့မယ်
အထဲထိတော့
ရှင် လိုက်လို့မရဘူး
ဒီမှာစောင့်
၄၅ မိနစ်လောက်နေရင်
တယောက်ထွက်လာမယ်၊ ကလေးကိုပြမယ်
ရှင်လိုက်သွားပြီးကြည့်
နောက်ထပ် တနာရီလောက်နေရင်
ရှင့်ဇနီး ဒီအပေါက်က ထွက်လာမယ်
ဒီနေရာက လာစောင့်
ရှင်နားလည်ပါတယ်နော်
အခု ရှင့်အတွက် နာရီဝက်အချိန်ရတယ်
မနက်ခင်းစာသွားစားလိုက်
ပြီးရင်တော့ ဒီနေရာကနေသာ လာစောင့်ပေတော့…

အဲဒီလိုနဲ့ …
နာရီဝက်အတွင်း
ကိုယ်နဲ့အနီးစပ်ဆုံး မျှော်နေမယ့်
အကိုဆီကိုဆက်
အကျိုးအကြောင်းပြော
(အကိုနဲ့ပြောရတာလည်း ကိုယ့်ကိုယ်ကို charging သွင်းနည်းတမျိုးပဲ)
ပြီးတော့
ဇနီးသည်အမေဆီကိုဆက်
အကျိုးအကြောင်းပြော
ကျွဲရိုင်းတဘူးသောက်
နာရီဝက်လောက်နေတော့
အပေါ်ကိုပြန်တက်ပြီး စောင့်…

ထွက်လာပါပြီ
နာ့စ်မလေးတယောက်
သန္တာအောင့်အမျိုးသားလား
ကလေးလိုက်ကြည့်ပါတဲ့…

အဲဒီအချိန် သားကိုတွေ့လိုက်ရတဲ့ ခံစားချက်…
ကိုယ်လက်အင်္ဂါစုံလင်၊ ကျန်းကျန်းမာမာရှိ
သားလေးက အားလုံးပုံမှန်
လာပြတဲ့ နာ့စ်လေးရဲ့ အထပ်ထပ် congratulation အောက်မှာ
ကျေနပ်ပီတိဖြစ်၊ ဒါပါပဲ…

တကယ်တမ်း အဲဒီအချိန်ထိ ကိုယ့်စိတ်က ဇနီးသည်ဆီမှာ
တညလုံး ပုံမှန်မွေးဖို့ ကြိုးစားပြီးပြီ
မရတော့ဘူး၊ ခွဲရတော့မယ့်ဆိုတော့
ဇနီးသည်မျက်နှာ ညိုတိုတိုကို မျက်လုံးထဲကမထွက်
ကိုယ်ကိုယ်တိုင်လည်း တညလုံး အိပ်ပျက်ခဲ့ပေမယ့်
ဇနီးသည်ကို အားပေးဖို့ အားအင်တွေ အပြည့်ဖြစ်ခဲ့တယ်
ဒါ အပြန်အလှန် ချစ်ခြင်းမေတ္တာပေါ့။

အဲဒီလိုနဲ့
နောက်ထပ် ၄၅ မိနစ်လောက်စောင့်အပြီး
တွန်းလှည်းတစီးထွက်လာ
ဇနီးသည် ပက်လက်ကနေ ပြုံးပြ
ပြီးတော့ သူမ နားနေရမယ့် ကုတင်ရောက်
နာ့စ်တွေ အားလုံးပြင်ဆင်ပေးပြီး ထွက်သွားတော့မှ
တယောက်လက် တယောက်ဆုတ်ညှစ်
ဒို့တွေ အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့ကြပြီ
ကိုယ်တို့သားလေး ချောချောမွေ့မွေ့ လူ့လောကထဲရောက်လာပြီ
စိတ်ထဲမှာ လှိုက်ကနဲ တချက်ဖြစ်တယ်…


သားလေးမွေးဖို့ စောင့်နေတဲ့ မေမေ


သားလေးမွေးပြီး မေမေ


မွေးကာစ သားသားလေး

Monday, June 8, 2009

မေ ၃၁၊ ၂၀၀၉ တနင်္ဂနွေနေ့ မနက် ၈ နာရီ ၅၄ မိနစ် သားသားလေး ရောက်လာပြီ။

စနေနေ့ မနက်အစောကြီး ၂ နာရီလောက်ကတည်းက နာလိုက်တဲ့ဗိုက်၊ ည ၈ နာရီကြတော့ ဘယ်လိုမှ မနေနိုင်တာကြောင့် ဆေးရုံကိုပြေးကြရတယ်။ ဆေးရုံရောက်တာနဲ့ ဆရာမတွေက လိုအပ်တာစမ်းသပ်ပြီး မွေးလို့ရပြီ၊ ဆေးရုံတက်တော့ဆိုတာနဲ့ အဲဒီညပဲ မွေးခန်းထဲသွင်းပြီး မွေးဖို့ ပြင်ဆင်ကြတယ်။ တညလုံး လိုအပ်တာတွေလုပ်ပေးပြီး လာစမ်းလိုက်၊ ကြည့်လိုက်နဲ့ မနက် ၆ နာရီထိုးတဲ့အထိ မမွေးနိုင်သေးဘူး။ ဒါနဲ့ ကိုယ်တို့ရဲ့ဆရာဝန်က နောက်ထပ်နည်းနည်းစောင့်ကြည့်လို့မှ သားလေး အောက်မဆင်းလာဘူးဆိုရင် ခွဲမွေးရမယ်လို့ ပြောတယ်။ လိုအပ်သလိုလုပ်ပါလို့ပဲ ပြောရတာပေါ့။ ဒါနဲ့ မနက် ၇ နာရီကျော် ၈ နာရီတီးခါနီးတော့ မရတော့ဘူး၊ ခွဲမွေးမှအဆင်ပြေမယ်ဆိုတာကြောင့် ခွဲခန်းထဲသွင်းပြီး ခွဲမွေးလိုက်တော့မှ သားလေးက ရှောရှောရှူရှူ ထွက်လာတော့တယ်။ ဇနီးသည်ကတော့ ပြောလေရဲ့၊ ဘုန်းကြီးလုပ်မယ့်သားလေးဆိုတော့ အောက်ကမဆင်းချင်ဘူးဆိုတာကြောင့် ဗိုက်ခွဲမွေးပေးရတယ်တဲ့။ သားလေး ကိုယ်အလေးချိန် ၃.၀၆ ကီလိုဂရမ်၊ အရပ် ၄၉ စင်တီမီတာ။ လာကြည့်ကြတဲ့လူတွေကတော့ ပြောလေရဲ့၊ သားလေးက ချောသတဲ့၊ အင်း အဖေတူလို့ပဲ ဖြစ်မှာပေါ့လေ။ :D
သားသားလေး မွေးပြီးပြီးချင်းပုံ။


Saturday, May 30, 2009

ဇနီးသည် ကိုယ်ဝန် ၃၉ ပတ်ပြည့်၊ ကြိုးကြား ကြိုးကြား ဗိုက်နာနေပြီ

ဒီရက်ပိုင်း ဗိုက်က နာတချက်၊ မနာတချက်နဲ့ ဒီနေ့တော့ မနက် ၂ နာရီလောက်ကတည်းက နာနာနေလို့ ခမျာ မအိပ်ရရှာဘူး။ အခုလည်း မနက် ၈ နာရီလောက်ကစပြီး တနာရီကြား တခါလောက် နာနာလာတယ်။ ဒါပေမယ့် နာတာ သိပ်မစိတ်သေးလို့ ဒီလိုပဲ လှဲလိုက်၊ လမ်းလေးလျှောက်လိုက်နဲ့ နေနေရတယ်။ ၉ နာရီကျော်လောက်ကတော့ ဆီးသွားတာ ဆီးထဲမှာ သွေးစနည်းနည်းနဲ့ သွေး ပန်းရောင်လေးနည်းနည်းတွေ့တယ်။ ဒါနဲ့ စိတ်ပူပြီး နားလည်တဲ့ သူငယ်ချင်းတယောက်ကိုမေးတော့ ပုံမှန်ပဲလို့ပြောတယ်။ ဆယ့်ငါးမိနစ်တခါလောက် နာမှ ဆေးရုံသွားဖို့ပြောတယ်။ တကယ်တမ်းတော့ ကလေးက ရေမွှာပေါက်ပြီးတာတောင် ၂၄ နာရီလောက်အထိ အန္တရာယ်မရှိနိုင်ဘူးလို့လည်း ပြောတယ်။ ဘာပဲဖြစ်ဖြစ် နာရီဝက်ကြားတခါလောက် နာရင်တော့ သွားမယ်လို့ တိုင်ပင်ထားတယ်။ ကိုယ်ကတော့ လိုအပ်တဲ့ပစ္စည်းတွေ ထုပ်ပိုးထားတာ တခါစစ်၊ ပြန်ပြင်ဆင်ပေါ့လေ။ အော် ပြီးတော့ အင်္ဂုလိမာလသုတ်လည်း သတိရရင် ရသလို ရွတ်နေရသပေါ့။
မနေ့က ပုံမှန်ဆေးရုံပြရက်မှာ ဆရာဝန်ကလည်း အခုအချိန်က အချိန်မရွေးမွေးနိုင်တဲ့ အနေအထားဖြစ်နေပြီတဲ့။ ဒီကြားထဲ မနေနိုင်အောင် နာလာရင် ဆေးရုံ ချက်ချင်းလာဖို့ မှာတယ်။ အကယ်၍ သိပ်မနာသေးဘူးဆိုရင်လည်း တနင်္လာနေ့မနက် ၁နာရီခွဲ ဆေးရုံလာဖို့ ပြောတယ်။ ကြံကြံဖန်ဖန် မနက် ၁နာရီခွဲကြီးလို့ မထင်လိုက်ပါနဲ့ဦး၊ သူအားတဲ့အချိန်ကို ပေးတာ။ ဆရာဝန်ကလည်း schedule က အပြည့်ဖြစ်နေသတဲ့၊ အဲဒီအချိန်ပဲ အားလို့ ချိန်းတာတဲ့။
အခုအခြေအနေအတိုင်းတော့ ဒီနေ့ပဲ ဆေးရုံပြေးရတော့မယ်ထင်ပါရဲ့။ သားလေးကလည်း ဖေဖေ၊ မေမေ၊ အဖိုးအဖွား၊ ဦးဦး ဒေါ်ဒေါ်၊ ဘကြီးတွေကို အမြန်တွေ့ချင်နေပုံပါပဲ။ ကဲ သားလေးရေ ကျန်းကျန်းမာမာနဲ့ ချောချောမောမောသာ လာခဲ့ပါတော့ကွယ်။ သားလေးမေမေလည်း ကျန်းကျန်းမာမာ ဖြစ်ပါစေ။

Tuesday, May 26, 2009

အသည်းစွဲ ကဗျာဆရာ ၁၁

အောင်ချိမ့်

လက်ဖက်ရည်ခွက်ပေါင်း တစ်သိန်းလောက်
ငါ သောက်ခဲ့တာပေါ့ ကမ္ဘာကြီး။

ရဲကြီးခေါ် သစ္စာနီဆို
ခွက်ပေါင်း နှစ်သိန်းပြည့်ရှာရော့မယ်။

မောင်သစ်မင်း ငယ်စဉ် အသည်းကွဲတုန်းက
ဆေးမကူ ဘာမှမကူ
လက်ဖက်ရည် တစ်ခွက် နှစ်ခွက် သုံးခွက် လေးခွက်နဲ့
ကုစားခဲ့တယ်။ ကျော်ခဲ့တယ်။
ချိုခဲ့တယ်။ ခါးခဲ့တယ်။
ပူခဲ့တယ်။ ဆူခဲ့တယ်။ မုန်တိုင်းကျခဲ့တယ်။
လှိုင်းကြီးခဲ့တယ်။ ချောက်ထဲကျခဲ့တယ်။
လူဆိုတာ ကြုံရမှာပဲမို့ ကြုံခဲ့တယ်။

အပြစ်ကင်းတဲ့ လက်ဖက်ရည် တစ်ခွက် တစ်ခွက်
ငါတို့ စွဲခဲ့ကြတယ်။

ကောင်းရာမွန်ရာ လက်ဖက်ရည်ဆိုင်မှာ
ငါတို့ ထိုင်ခဲ့ကြတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့ လက်ကောက်ဝတ်မှာ
I Love Tea တဲ့
ဆေးမင်ကြောင်
ထိုးထားတယ်။

အဖေနဲ့အမေရဲ့ ဘ၀မှာ ဇိမ်ခံမှုဟာ
ချိုင့်ဆွဲလက်ဖက်ရည် တစ်ခွက် ပိုသောက်တာပါပဲ။

Oh Yeah!
ဒီမှာ လက်ဖက်ရည်နဲ့ မပြေပြီ အချစ်ကလေး။

Wednesday, May 20, 2009

သားလေးရောက်ဖို့ရက် တစတစ နီးလာပြီ။ (ဇနီးသည် ကိုယ်ဝန် ၃၈ ပတ်ထဲ)

ဒီရက်ပိုင်း ရေးချင်တာတွေကလည်း များမှများ၊ ရေးချင်တဲ့အကြောင်းအရာတွေကလည်း အစုံ၊ ဘယ်အကြောင်းအရာကနေ ဘယ်လို စတည်ရမှန်းမသိ၊ စိတ်ခံစားချက်ကလည်း ခုတမျိုး တော်ကြာတမျိုး။ တခါတခါ အရူးတယောက်လိုသာ အော်ဟစ်လိုက်ချင်တယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာအရေး ညာအရေး၊ သားလေးကို ပြောပြချင်တာတွေကလည်း စုံမှစုံ။ အဲဒီလို များလွန်းလို့လားမသိ၊ ဘာမှကို မရေးဖြစ်ဘူး။ ဤသည်လည်း တဒုက္ခပေါ့လေ။

အခု သားသားလေးက သူ့မိခင်ဝမ်းကြာတိုက်ထဲမှာနေရတာ ၃၈ ပတ်ထဲရောက်လာပြီ။ ပြင်ပကမ္ဘာကိုရောက်လာဖို့တော့ တာစူနေပြီပေါ့လေ။ ဘယ်အချိန် ဘယ်လိုပုံစံနဲ့ ရောက်လာမလဲသာ မသိတာ။ တခါတခါတော့လည်း လူကြီးတွေက သားလေးအကြောင်းပြောနေရင် သူက သိနေသယောင်ပဲ အထဲကနေ အမျိုးမျိုး အချက်ပြတယ်။ အခုအချိန်မှာ သားလေးက ပြင်ပကမ္ဘာကလူတွေ ပြောနေဆိုနေကြတာကို သိနားလည်နိုင်တဲ့ အခြေအနေ ရှိနေပြီလို့ ပြောကြတော့ ကိုယ်တို့ကလည်း သားလေးကို စကားတွေ ဘာတွေ ပြောကြပေါ့လေ။ ရံဖန်ရံခါဆိုသလို သားလေးက သူ့အကြောင်းပြောတာ သိလို့လားမသိ၊ အထဲမှာ ခုန်ပေါက်နေသတဲ့။ ကိုယ်ကတော့ တိုက်ရိုက်ခံစားရတာ မဟုတ်ဘူးပေါ့လေ၊ ဇနီးသည်အပြောပေါ့။ ကိုယ်သိတာကတော့ သားလေး အထဲမှာ လှုပ်ရှားနေပြီဆိုရင် ကိုယ်က အပြင်ကနေ လက်လေးနဲ့စမ်းကြည့်၊ ကိုယ့်လက်လေးကို ဒုတ် ဒုတ်၊ ဒုတ် ဒုတ်နဲ့ လာထိတာတော့ ခံစားမိတယ်။

ပြီးခဲ့တဲ့အပတ် မေလ ၁၅ ရက်နေ့ ဆေးရုံသွားပြတုန်းက ဇနီးသည်ကို Scan လုပ်၊ သားလေးကိုလည်း သူတို့အခေါ် CTG ရိုက်ပြီး စစ်တယ်ပေါ့၊ သားလေး နှလုံးအလုပ်လုပ်ပုံ ပုံမှန် ဟုတ်မဟုတ် စစ်ကြည့်ကြသေးတယ်။ ကိုယ်ကလည်း အဲဒီနေ့မနက်ပိုင်း အလုပ်မပြီးသေးတော့ ဆေးရုံကို လိုက်မသွားဖြစ်ဘူး။ ဇနီးသည်နဲ့ သူ့မေမေနဲ့ပဲ သွားကြတယ်။ လိုအပ်တာတွေလုပ်ပြီး စစ်ကြည့်တော့ စစ်တဲ့လူတွေက သိပ်သဘောကျပုံမရဘူးတဲ့၊ သားလေးနှလုံးခုန်နှုန်း နှေးနေသလိုပဲတဲ့၊ ဇနီးသည်က ကိုယ့်ကို ဖုန်းဆက်ပြီး လှမ်းပြောတယ်။ နောက်ဆုံး ဆရာဝန်နဲ့တွေ့တော့မှ ဆရာဝန်ကပြောတယ်၊ စိုးရိမ်စရာတော့ မရှိပါဘူး၊ ဒါပေမယ့် ရေအိတ်ထဲမှာ ရေနည်းနေတာတဲ့။ မိခင်ဝမ်းထဲက ရေအိတ်ထဲမှာ ရေနည်းနေရင် ကလေးက လှုပ်လို့ရှားလို့ သိပ်မကောင်းတဲ့ပုံစံလို့ပဲ ကိုယ့်ဘာသာကိုယ် နားလည်လိုက်ရတယ်။ ဆရာဝန်တွေကို ရေအိတ်ထဲမှာ ရေနည်းနေတာ ဘာလုပ်ရမလဲ၊ ရေကို ဒီ့ထက်များများ သောက်ဖို့လိုမလား ဘာညာ ဘာလုပ်ရမလဲလို့ မေးကြည့်တော့လည်း ထူးထူးခြားခြား ဘာလုပ်ပါလို့ မပြောကြဘူးတဲ့၊ ဇနီးသည်က ပြန်ပြောပြတယ်။ ကလေးလှုပ်ရှားမှုကိုပဲ မှတ်သားထားဖို့ ပြောတယ်တဲ့။ သူတို့ပေးထားတဲ့ chart အတိုင်း တနေ့တာ သားလေးလှုပ်ရှားမှုကို မှတ်ထားပေါ့၊ တနေ့ကို ဆယ်ကြိမ်ထက်နည်းပြီး လှုပ်ရှားမှုနည်းလာရင် ဆေးရုံကို ချက်ချင်းလာပြဖို့ပဲ ပြောတယ်။ တခါတခါ အဲဒီလိုလေးတွေ ဖြစ်တတ်တာကလွဲလို့ သားလေးရဲ့ ကျန်တဲ့အနေအထားတွေ အားလုံးကတော့ ပုံမှန်ပါပဲ။

ဆရာဝန်ပေးထားတဲ့ Due Date အတိုင်းဆိုရင်တော့ သားလေးရောက်လာဖို့ နှစ်ပတ်ပဲလိုတော့တယ်။ ကိုယ်လည်း သားလေးရောက်လာဖို့ နီးလာတာနဲ့အမျှ ဇနီးသည် ကျန်းကျန်းမာမာနဲ့ သားလေးကို အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ မွေးဖွားနိုင်ပါစေလို့သာ ဆုတောင်းနေမိတော့တယ်။

အသည်းစွဲ ကဗျာဆရာ ၁၀

အောင်ချိမ့်

သားရေဖိနပ် ၃၈၀၀
ကြက်ပေါင်းဆီချက် ၃၅၀
လက်ဖက်ရည် ၁၅၀၊ စီးကရက် (စီးကရက်၊ ဆေးလိပ်
သောက်ခြင်းဟာ ခေတ်မမီမှုပဲ) မသောက်
သီလရှင်လှူ ၁၀၀
ဆံပင်ညှပ် ၅၀၀
ဘတ်စ်ကားခ ၁၂၀၊ အရပ် ၅' ၈"
ကိုယ်အလေးချိန် ၁၃၀ ပေါင်
ဆံစပ်မှဲ့ရှိ၊ အလုပ်အကိုင် ကဗျာဆရာ။

ငါဟာ ရုပ်ရှင်တွေထဲက သုံ့ပန်းနဲ့ တူလာတယ်။
(အခုတလောတော့ ၀လာတယ် ပြောတယ်)
မိန်းမကို မေးကြည့်ရဦးမယ်
ပြီးရင် ပြောမယ်၊ Game ဆော့မယ်။

တာဇံလား၊ ဂေါ့ဖားသားလား၊ ကဗျာဆရာလား၊
ဟဲ ဟဲ။ ကဗျာဆရာပါပဲ။

Thursday, May 14, 2009

အသည်းစွဲ ကဗျာဆရာ ၉

အောင်ချိမ့်

အသက် ၂၀ ကနေ
အသက် ၅ နှစ် ကြီးလာခဲ့တုန်းက
နိပ်ပါတယ်
ကောင်းပါတယ်။

အသက် ၅၅ နှစ်ကနေ
အသက် ၅ နှစ် ကြီးလာတာကတော့
ချစ်သော ‘ဂျနီဖာ’
အတော်ဆိုးတာပဲ။

Tuesday, May 12, 2009

ဇနီးသည် ကိုယ်ဝန်ရင့်လာတာ၊ မွေးဖို့ နီးလာတဲ့အလျောက်… (Due Date June 6, 2009)

ဇနီးသည် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဆေးရုံပြရတာလည်း စိတ်လာတယ်။ အရင်က လေးငါးပတ်နေမှတကြိမ် ပြရာက နှစ်ပတ်တကြိမ်၊ အခုနောက်ဆုံး တပတ်တကြိမ် ပြရတယ်။ ကမ္ဘာကြီးကလည်း ဘာတွေဖြစ်တယ်မသိ၊ ရောဂါအဆန်းအပြားတွေကလည်း စုံမှစုံပဲ။ ဆားစ်ရောဂါတဲ့၊ ကြက်တုပ်ကွေးတဲ့၊ အခုနောက်ဆုံးတော့ ထူးထူးဆန်းဆန်း ၀က်တုပ်ကွေးဆိုပဲ။ ဟိုး တောင်အမေရိကတိုက် မက္ကဆီကိုနိုင်ငံကစလိုက်တာ အခုနောက်ဆုံး အာရှက တချို့နိုင်ငံတွေတောင် ရောက်လာပါပေါ့။ အဲဒီဝက်တုပ်ကွေးကြောင့်ပဲ အခုနောက်ပိုင်း ဒီမှာလည်း ဆေးရုံသွားပြရင် စစ်လိုက် ဆေးလိုက်တာ ဆိုတာ။ လာတဲ့လူတိုင်း ဆေးရုံထဲဝင်မယ်ဆိုရင် အပူချိန်တိုင်းတယ်၊ ပြီးရင် မျက်နှာဖုံးစွပ်ဖို့ပေးတယ်။ ဆေးရုံက ဆရာဝန်၊ ဆရာမ ၀န်ထမ်းတွေအားလုံးလည်း မျက်နှာဖုံးစွပ်တွေနဲ့ပဲ။ အရင်လို ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် မရတော့ဘူး။

အရင်ဆုံး ဧပြီ ၂၄ ရက်နေ့ ဇနီးသည် ကိုယ်ဝန် ၃၄ ပတ်ထဲမှာ ပုံမှန် ဆရာဝန်ပြရက် ဆေးရုံသွားခဲ့တုန်းက ကြုံခဲ့ရတာလေး ပြောပြချင်ပါတယ်။ ဇနီးသည်ကလည်း ကိုယ်ဝန်ရင့်လာတာနဲ့အမျှ အလိုလိုနေရင်း ပင်ပန်းတာတို့ ဘာတို့ ဖြစ်တတ်တယ်။ အဲဒီနေ့က ဆရာဝန်ပြပြီး နှစ်ယောက်သား ဆရာဝန်ရေးပေးလိုက်တဲ့ ဆေးစာနဲ့ ဆေးတွေဝယ်မလို့ စောင့်နေတုန်း ကိုယ်လည်း ဗိုက်ထဲက ရစ်လာတာနဲ့ ဇနီးသည်ကိုပြောပြီး အိမ်သာသွားတယ်။ ကိုယ်က အိမ်သာဝင်ရင် ထုံးစံအတိုင်း ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ထုတ်ပြီး အိမ်သာထဲက တစ်ရှူးအလိပ်ထည့်ထဲ့ ပုံးလေးပေါ် တင်ထားနေကြ၊ ခါတိုင်းတော့ ကိစ္စ၀ိစ္စပြီးတာနဲ့ ပိုက်ဆံအိတ်လေးကို ပြန်ယူစမြဲပဲ၊ ဘယ်တုန်းကမှ မမေ့တတ်ဘူး။ အဲဒီနေ့ကတော့ ဗိုက်ထဲက ရှင်းစရာရှိတာတွေ ရှင်းပြီးလို့ အပြင်ပြန်ထွက်တော့ ပိုက်ဆံအိတ်ကို ယူလာဖို့ မေ့သွားတယ်။ အဲဒီအချိန် အိမ်သာထဲမှာလည်း လူက ကိုယ်အပြင် တခြားတယောက်ပဲရှိတယ်။ အိမ်သာသုံးခန်းမှာ ကိုယ်က အပေါက်ဝနားက အခန်းမှာ၊ တခြားတယောက်က အတွင်း အစွန်အခန်းမှာ။ ကိုယ်နဲ့ မရှေးမနှောင်း လိုက်ဝင်တာ၊ မျက်မှန်နဲ့ အသက်ခပ်ကြီးကြီး လူကြီးတယောက်ပဲ။ ကိုယ်လည်း အပြင်ပြန်ရောက်ရောက်ချင်း ပိုက်ဆံအိတ် မေ့လာတယ်ဆိုတာ သိတာနဲ့ ချက်ချင်း ပြန်ဝင်တော့ အိမ်သာအ၀င်လမ်းမှာပဲ ခုန အိမ်သာထဲက လူကြီးနဲ့ ဆုံတယ်။ ဒါပေမယ့် သူ့ကို မေးမနေတော့ဘဲ အိမ်သာထဲပဲ ပြန်ဝင်ကြည့်တော့ ပိုက်ဆံအိတ်က မရှိတော့ဘူး။ အဲဒါနဲ့ ခုနလူကြီးကို လိုက်ရှာတော့လည်း မတွေ့တော့ဘူး။ ကိုယ်လည်း ချက်ချင်း ခေါင်းနပန်းကြီးပြီး ချွေးသီးချွေးပေါက်တွေ ထွက်လာတော့တာပေါ့။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံကတော့ သိပ်များများမရှိပါဘူး။ ဒါပေမယ့် နေထိုင်ခွင့်ကတ်တွေ၊ ဘဏ်ကတ်တွေ စသည် အရေးကြီးတဲ့ကတ်တွေ အကုန်လုံးတော့ ပါသွားတာပေါ့။

အဲဒါနဲ့ ကိုယ်လည်း ဇနီးသည်ဆီ ပြန်လာ၊ အကျိုးအကြောင်းပြောပြ၊ ပြီးတော့ အိမ်သာဘက်ပြန်သွားပြီး သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးတွေကိုမေး၊ သူတို့ကလည်း မသိဘူးဆိုတာနဲ့ ဘာဆက်လုပ်ရမလဲလို့ မေးကြည့်တော့ လုံခြုံရေးကို အကြောင်းကြားပါ ဆိုတာနဲ့ အ၀င်ဝက လုံခြုံရေးကို အကျိုးအကြောင်း ပြောပြရတယ်။ လုံခြုံရေးကလည်း လိုအပ်တဲ့ အချက်အလက်တွေမေးပြီး သူ့ဆီမှာရှိတဲ့ Lost Form မှာ ဖြည့်တယ်။ ကိုယ့်ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေဘာတွေ အကုန်ယူထားပြီး ပြန်တွေ့တာနဲ့ အကြောင်းကြားပါ့မယ်လို့ ပြောတယ်။ ကိုယ်လည်း အဲဒီလုံခြုံရေးနဲ့ စကားပြောပြီး အားကုန်သလိုဖြစ်လာတာနဲ့ တနေရာမှာ ထိုင်ပြီး နားနေမိတယ်။ ခေါင်းထဲမှာတော့ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားနေရတာပေါ့။ ပြီးတော့ ဇနီးသည်လည်း ပင်ပန်းနေပြီဆိုတာနဲ့ နှစ်ယောက်သား အိမ်ပြန်မယ်ဆိုပြီး ပြန်လာခဲ့တော့တယ်။ အော် ကားစီးမယ်ဆိုတော့ ကိုယ့်မှာ ကားကတ်လည်း မရှိ၊ ပေးစရာ ပိုက်ဆံလည်းမရှိတော့ ကိုယ့်ကိုယ်ကို အားလုံးဆုံးရှုံးလိုက်ရတဲ့ ဘာမှမရှိတော့တဲ့ လူတယောက်ကို ခံစားလိုက်ရသေးတယ်။ အဲဒါနဲ့ပဲ ဇနီးသည်ပေးတဲ့ အကြွေစေ့နဲ့ ကားသမားကိုမေး၊ ကျသလောက် လက်မှတ်ဝယ်ပြီး ပြန်လာခဲ့တယ်။ ဆေးရုံကနေ အိမ်အပြန်လမ်း ကား သုံးမှတ်တိုင်လောက် စီးမိမှ ဆေးရုံက Security Department က ဖုန်းဆက်လာတယ်၊ ကိုယ့်ပိုက်ဆံအိတ် ပြန်တွေ့ပြီမို့ လာပြန်ယူပါတဲ့။ ကိုယ့်မှာ ၀မ်းသာလိုက်တာဆိုတာ မပြောပါနဲ့တော့။ အဲဒါနဲ့ ကမန်းကတန်း ကားပေါ်ကဆင်း၊ တက္ကဆီငှားပြီး ဆေးရုံကို ချက်ချင်းပြန်သွား၊ ပိုက်ဆံအိတ် ပြန်ယူရတယ်။

ပိုက်ဆံအိတ်ထဲမှာ အရေးကြီးတဲ့ ကတ်တွေ တခုမှ မပျောက်ပေမယ့် နဂိုရှိတဲ့ ပိုက်ဆံ စင်ကာပူဒေါ်လာ ၃၀ တော့ ပါမလာတော့ဘူး။ ကိုယ်လည်း အဲဒီအချိန် ပိုက်ဆံထက် ကျန်တာတွေက အရေးကြီးတော့ သူတို့ကိုပဲ ကျေးဇူးတင်ကြောင်းပြောပြီး ကိုယ့်ပိုက်ဆံအိတ်လေး ပြန်ယူခဲ့တော့တယ်။ သူတို့ကိုလည်း ဘာမှ အသေးစိတ် မေးမနေတော့ပါဘူး။ အရေးကြီးတာတွေ ပြန်ရတာပဲ ကိုယ့်မှာ ၀မ်းသာလှပါပြီ။ အဲဒါနဲ့ တဆက်တည်း စဉ်းစားမိတာက ကိုယ့်တိုင်းကိုယ့်ပြည်မှာဆိုရင်ရော ဒီလိုအဖြစ်အပျက်သာ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီလို ပြန်ရဖို့လွယ်ပါ့မလားပေါ့။ အင်း … ပြန်မရတော့လည်း ကံတရားပေါ့လေ၊ ကိုယ့်ရဲ့ပေါ့လျော့မှုကြောင့် ဖြစ်တာဆိုတော့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ပေါ့။

ဧပြီ ၂၅ ရက် စနေနေ့ကတော့ ကိုယ့်ဇနီးသည်ရဲ့မေမေ ရောက်လာတယ်။ သားလေးမွေးပြီးရင် ကိုယ်တွေက မကိုင်တတ် မတွယ်တတ်တော့ လူကြီးတယောက် ရှိနေဖို့ လိုအပ်တယ်ဆိုပြီး ခေါ်ရတာပေါ့။ အမေလည်း ဒီရောက်ပြီးကတည်းက ပျင်းနေလေရဲ့။ ဒီမှာ လည်စရာပတ်စရာကလည်း သိပ်များများစားစားရှိတာမဟုတ်၊ ပြီးတော့ ဇနီးသည်ကလည်း ဗိုက်ကြီးတကားကားနဲ့ သိပ်အဝေးကြီးသွားဖို့ အဆင်မပြေတာ၊ ပင်ပန်းမှာစိုးတာနဲ့ပဲ ဘယ်မှလည်း ဟုတ်တိပတ်တိ လိုက်မပို့ဖြစ်သေးဘူး။ သားလေးမွေးပြီး အားလုံး အေးအေးဆေးဆေးဖြစ်မှပဲ လိုက်ပို့ရဦးတော့မယ်။

လဆန်း ၂ ရက်နေ့ကတော့ ဇနီးသည်နဲ့ကိုယ် ဆေးရုံမှာ Register သွားလုပ်ကြတယ်။ ဒီမှာပဲ မွေးမယ်ဆိုတော့ မမွေးခင် တလကြိုပြီး Register လုပ်ရတယ်ဆိုတာနဲ့ သွားလုပ်ကြတာ။ ပြီးတော့ မွေးဖွားရင် ကုန်ကျမယ့် ခန့်မှန်းစရိတ်ကိုလည်း Deposit ပေးခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ရမယ့်အလုပ်တခု လုပ်ပြီးသွားလို့ စိတ်အေးသွားရတယ်။

ဒီလ ၄ ရက်နေ့ကလည်း ဇနီးသည်က သားလေး ဒီတရက်နှစ်ရက် သိပ်မလှုပ်ဘူးလို့ ပြောတာနဲ့ စိတ်ပူပြီး ဆေးရုံ သွားပြသေးတယ်။ ခါတိုင်းဆိုရင် ညဘက် အိပ်ရင် သားလေးက တိုးလွန်း လှုပ်လွန်းလို့ ဇနီးသည်ခမျာ ကောင်းကောင်းမအိပ်ရရှာဘူး၊ အိပ်ရေးပျက်ရှာတာပေါ့။ အခုကြတော့လည်း သားလေးက သိပ်မလှုပ်လို့တဲ့၊ သူ့ခမျာ စိတ်ပူပြီး အိပ်မပျော်ရှာဘူး၊ ကိုယ်က နှစ်သိမ့်တော့လည်း မျက်ရည်ကျရှာသေးတယ်။ အော် မိခင်ရဲ့မေတ္တာလို့ ပြောရမလားပဲနော်။ အဲဒါနဲ့ တနင်္လာနေ့ ပုံမှန်အတိုင်း အလုပ်သွားပြီး သူ့အလုပ်က ကလေးမွေးဖူးတဲ့ မိခင်တွေရှိတော့ သူတို့ကို အကျိုးအကြောင်း မေးကြည့်တာ ချက်ချင်း ဆေးရုံသွားပြဖို့ ပြောကြတာနဲ့ နေ့လယ်ပိုင်း ခွင့်ယူပြီး ဆေးရုံသွားပြတယ်။ ဆေးရုံကလည်း ပုံမှန် ကိုယ့်ဆရာဝန်နဲ့ ပြရမယ့်ရက်မဟုတ်တော့ ၂၄ နာရီဖွင့်တဲ့ Delivery Suite ကို သွားပြရတယ်။ ရောက်တာနဲ့ ဇနီးသည်က အကျိုးအကြောင်း ပြောပြတော့ သူ့ကို အထဲကို တန်းခေါ်သွားတယ်။ ကိုယ့်ကိုတော့ အပြင်မှာပဲ စောင့်နေရမတဲ့။ ကိုယ်လည်း ထိုင်ခုံမှာထိုင်စောင့်ရင်း တောင်တွေး မြောက်တွေးပေါ့လေ။

ပြရတဲ့နေရာကလည်း ကလေးမွေးတဲ့နေရာဆိုတော့ တော်ကြာ ဗိုက်ကြီးတွေနဲ့ ၀င်သွားလိုက်ကြ၊ တော်ကြာ မွေးပြီးစလို့ ယူဆရတဲ့ အမျိုးသမီးတွေကို ဆေးရုံအ၀တ်အစားဝတ်ပြီး လက်တွန်းလှည်းလေးတွေနဲ့ တွန်းပြီး ခေါ်လာလိုက်၊ မွေးကင်းစကလေးလေးတွေကိုလည်း လှည်းထဲထည့်ပြီး ခေါ်လာလိုက်နဲ့။ ကိုယ့်မှာ စောင့်ရင်း သူတို့ကိုကြည့်လိုက်၊ တော်ကြာ ဘယ်အချိန် ကိုယ့်ဇနီးသည်လေးလည်း အဲဒီလိုအ၀တ်ကြီးဝတ်ပြီး ထွက်လာမလဲလို့ တွေးလိုက်နဲ့၊ စိတ်ထဲကလည်း ရသမျှ ဘုရားစာတွေ ရွတ်လို့ပေါ့။ ဒီကြားထဲ ၀က်တုပ်ကွေးကြောင့် ပေးထားတဲ့ မျက်နှာဖုံး တပ်ထားရတော့ လူလည်း အသက်ရှူကျပ်လာပြီး မူးချင်သလိုလို အန်ချင်သလိုလို ဖြစ်သေးတယ်။ တနာရီကျော်ကျော်လောက် ထိုင်စောင့်ပြီးတော့မှ ကိုယ်တို့ပြနေကြဆရာဝန် ဇနီးသည်ကိုခေါ်သွားတဲ့ အခန်းထဲ ၀င်သွားတာ တွေ့လိုက်ရတယ်။ ကိုယ်လည်း ဘာရယ်မဟုတ် ပြနေကြဆရာဝန်ကို တွေ့လိုက်ရတော့ အားနည်းနည်းရှိသွားသလိုပဲ။ နောက် ဆယ့်ငါးမိနစ်၊ နာရီဝက်လောက်ကြာတော့ ဆရာဝန်ပြန်ထွက်သွားတယ်။ ကိုယ့်မှာလည်း မေးလိုက်ဖို့ အချိန်မရလိုက်ပါဘူး။ သူကလည်း သုတ်သုတ် သုတ်သုတ်နဲ့။ မြင်လိုက်ရတာကလည်း ခပ်လှမ်းလှမ်းကဆိုတော့။

နောက်ထပ် မိနစ် ၂၀ လောက်နေတော့မှ ဇနီးသည် ပြုံးပြုံးရွှင်ရွှင်နဲ့ ထွက်လာတယ်။ သူ့မျက်နှာ လန်းလန်းဆန်းဆန်း မြင်လိုက်ရတော့မှပဲ ကိုယ်လည်း စိတ်အေးရတော့တယ်။ အဲဒါနဲ့ ဆရာဝန်က scan လုပ်ခိုင်းလို့ တခြား အခန်းတခုမှာ scan သွားလုပ်၊ ပြီးတော့ ဆရာဝန်ကိုပြန်ပြောပေါ့။ ဇနီးသည်ပြန်ပြောပြမှ သူ့ကို အခန်းထဲခေါ်သွားပြီး ultra sound ရိုက်၊ ကလေးရဲ့ နှလုံးကို ECG ရိုက်တယ်တဲ့။ သားလေးရဲ့ နှလုံးခုန်နေပုံကို screen မှာပြထားပြီး နှလုံးခုန်တဲ့အသံကိုလည်း ကြားနေရသတဲ့။ နှလုံးက ပုံမှန်ပဲတဲ့။ Scan လုပ်တော့လည်း ကလေးက ပုံမှန်ရှိရမယ့် အလေးချိန်ရှိတယ်၊ ကျန်တဲ့အနေအထားတွေလည်း အားလုံးကောင်းတယ်ဆိုတာနဲ့ နှစ်ယောက်သား စိတ်လက်ချမ်းသာစွာ ပြန်လာခဲ့ရတော့တယ်။ အားလုံးပြီးတော့ ညနေစောင်း ၄ နာရီထိုးခါနီး၊ အဲဒီတော့မှပဲ ကိုယ်တို့နှစ်ယောက်လည်း ဆေးရုံက food court မှာပဲ နေ့လယ်စာ စားဖြစ်တော့တယ်။ ဘာပဲဖြစ်ဖြစ် သားလေး ကျန်းမာစွာရှိနေတယ်ဆိုတာ သိလိုက်ရတော့ စိတ်ရှင်းရှင်းနဲ့ စိတ်လည်း အေးသွားရတာပေါ့လေ။

ပြီးခဲ့တဲ့အပတ် သောကြာနေ့ (၈ ရက်နေ့) က တခါ ပုံမှန်ဆရာဝန်ပြရမယ့်ဆိုတော့ ဆေးရုံထပ်သွားရတယ်။ ဒီတခေါက်တော့ အေးအေးဆေးဆေးပါပဲ။ ဆရာဝန်လည်း ပုံမှန် စမ်းသပ်စစ်ဆေးပြီး သားလေးက အနေအထား ပုံမှန်ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ခေါင်းကတော့ အောက်စိုက်နေပြီဆိုတဲ့အကြောင်း ပြောတယ်။ ပြီးခဲ့တဲ့အပတ်က သားလေး သိပ်မလှုပ်ဘူးဆိုတာ မိခင်ဝမ်းထဲက ရေအိတ်တွေထဲမှာ ရှိသင့်တဲ့ ရေပမာဏ မရှိလို့လို့ ပြောတယ်။ ရေအိတ်တွေထဲမှာ ရေနည်းနေတဲ့သဘောပေါ့။ အခုတော့ ပုံမှန်ပါပဲတဲ့။ ပြီးတော့ သားလေးက အလေးချိန် 2.8Kg ရှိနေပြီတဲ့။ ဒါကတော့ လက်ရှိ ကိုယ်ဝန် ၃၆ ပတ်မှာ ရှိရမယ့် ကိုယ်အလေးချိန်ထက် နည်းနည်းများနေပေမယ့် သိပ်အထွားကြီးတော့ မဟုတ်ဘူးလို့ပြောတယ်။ တကယ်မွေးမယ့်အချိန်မှာ သားလေးရဲ့ ကိုယ်အလေးချိန်က အများဆုံး 3.5Kg ပဲ ရှိသင့်တယ်တဲ့။ အဲဒီထက် ထွားနေရင်တော့ ခွဲမွေးရမယ့် သဘောပြောတယ်။ မိခင်ကိုလည်း ကလေးမထွားမှာစိုးလို့ စိုးရိမ်စိတ်နဲ့ အစားအများကြီးမစားဖို့ ပြောတယ်။ ပြီးတော့ လရင့်နေပြီမို့ အခုဆို တပတ်တခါ ပြဖို့အတွက် ရှေ့တပတ် ၁၅ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ ကိုယ်တို့လည်း မွေးခါနီးဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲလို့ မေးတော့ ဘာမှလုပ်စရာမလိုဘူးတဲ့၊ ဆေးရုံက လိုအပ်တာ အကုန်လုပ်ပေးမတဲ့။ ဘာပဲဖြစ်ဖြစ်လေ ကိုယ်ကတော့ အိမ်မှာ ဇနီးသည်ဗိုက်နာရင် ဆေးရုံပြေးတဲ့အခါ ယူသွားမယ့် အထုပ်တော့ အဆင်သင့်ထုပ်ထားတာပါပဲ။ လိုအပ်တဲ့ စောင်၊ သဘက်၊ အင်္ကျီ စသည်ဖြင့်ပေါ့။

အင်း… ဘာလိုလိုနဲ့ သားလေးတောင် ရောက်လာဖို့ နီးလာပါပေါ့။ အခုဆိုရင် ဇနီးသည်လည်း ရုံးက ခွင့်ယူထားပြီမို့ အိမ်မှာပဲ နားနေပြီ။ အိမ်မှာနားတော့လည်း တရက်တရက် ဟိုဟာလေးလုပ်စား၊ ဒီဟာလေး လုပ်စားပေါ့လေ။ သူလည်း ဗိုက်ကြီးတကားကားနဲ့ ချက်၊ ကိုယ်ကလည်း ဒိုင်ခံစားပေါ့။ အော် အမေရောက်နေလို့ ချက်ကျွေးတာလည်း ပါတာပေါ့။း) ဇနီးသည် ချက်ပြုတ်ကျွေးတာတွေ စားရင်းနဲ့ပဲ ကိုယ့်မှာလည်း သားလေးမွေးပြီးရင်ဆိုတဲ့ အတွေး တမျှင်တတန်းနဲ့ ဒီရက်တွေကို ကျော်ဖြတ်နေရတာပေါ့လေ။ သားလေးမေမေ ကျန်းကျန်းမာမာနဲ့ သားလေးကို အဆင်ပြေပြေ မွေးဖွားနိုင်ပါစေ…။

Wednesday, May 6, 2009

အသည်းစွဲ ကဗျာဆရာ ၈

အောင်ချိမ့်

ငါ စကားလုံးတွေ ရွေးလာတယ်
ငါ ပြေပျောက်ဖို့
မင်း သက်သာဖို့။

ငါ့ခြေတစ်လှမ်းတိုင်း တစ်လှမ်းတိုင်း
ရှေ့တိုးလို့မရ
ရှေးပျို့များ
ရတုဘုရင်၏ ရတုများ ထစ်
ငါ့တို့ ထစ်, ထစ်
ထစ်, ထစ် ပြန်ဖတ်နေသလိုပဲ။

ပန်းသီးကိုစတွေ့ခဲ့တဲ့ လူနှစ်ယောက်မှ
ကုလားရုပ်ရှင်မှာ
ဟောလီးဝုဒ်ရုပ်ရှင်မှာ
သန်းများစွာ သီချင်းဓာတ်ပြားမှာ
CNN သတင်းမှာ
သမိုင်းမှာ
ရှင်းနေတာကို ရှင်းအောင်ပြောမဖြစ်လို့
ပြောလို့ဖြစ်တာ ပြောနေရတဲ့ ကမ္ဘာကြီး။

ငါဟာ ဖီလိုဆိုဖာ မဟုတ်ပါဘူး
အချစ်ဟာ မုန်လာဥနီပဲ။

Wednesday, April 22, 2009

အသည်းစွဲ ကဗျာဆရာ ၇

အောင်ချိမ့်

နေရတာ
ပျော်စရာကောင်းပါတယ်။

တောအထပ်ထပ်
တောင်အထပ်ထပ်လို
ဆောင်းအထပ်ထပ် နွေအထပ်ထပ်
မိုးအထပ်ထပ်မှာ
အံကစားပွဲ ‘ရှုံးကြေးသင့်သူ’ လို
နေရတာ
ပျော်စရာကောင်းပါတယ်။

‘ဂွင်းနက်’ စံချိန်တင်နိုင်ရန်
မြွေများကင်းများနဲ့ တစ်ခန်းထဲအတူတူ
နေရသလိုပဲ ငါ့ အဖြစ်ဟာ
နေရတာ
ပျော်စရာကောင်းပါတယ်။

သူ့အောင်မြင်မှုနဲ့ ငါ့ကို နှုတ်ဆက်ရာ
သူ့ကိုယ်နံ့ ငါမကြိုက်လို့ ငါ မုန့်ငတ်ခဲ့
နေရတာ
ပျော်စရာကောင်းပါတယ်။

အနုပညာတစ်ပုဒ်
အနုပညာတစ်ရပ်ဟာ ရတောင့်ရခဲပဲ
နေရတာ
ပျော်စရာကောင်းပါတယ်။

အလျော အပျက် အကြား အစပ်များသဖြင့်
ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဝေးခဲ့ကြ
နေရတာ
ပျော်စရာကောင်းပါတယ်။

အပိုင်ရန်လိုခံရ၍
ငါဟာ ရန်သူရရှိခဲ့ပြန်ရာ
နေရတာ
ပျော်စရာကောင်းပါတယ်။

ငါ့ဒီကဗျာ ရေးဖွဲ့ခဲ့ရာ
ဒီနေ့ ဒီအချိန် ဒီနာရီ ဒီမိနစ်
နေရတာ
ပျော်စရာကောင်းပါတယ်။

Sunday, April 19, 2009

အသည်းစွဲ ကဗျာဆရာ ၆

အောင်ချိမ့်

ဗိုလ်အောင်ကျော်လမ်းမှာ သစ်ပင်အကြီးကြီးတွေ
သစ်ရွက်ကြွေ ဖွေးဖွေးတွေ
ငါတို့တွေ
ကားတွေ။

ခေတ်တွေ၊ ကောင်မလေးတွေ
မဖြစ်နိုင်တာတွေ
တီထွင်ဘာသာစကားတွေ
ငွေတွေ။

ပြီး။ မိုးရာသီတွေ၊ ဆောင်းရာသီတွေ
နွေရာသီတွေ၊ ပန်းတွေ။

ပြီး။ စာအုပ်တွေ၊ ၀တ္ထုတွေ
ရုပ်ရှင်ပဒေသာတွေ၊ ရှုမ၀တွေ၊ သွေးသောက်တွေ
မြ၀တီတွေ၊ ငွေတာရီတွေ၊ မိုးဝေတွေ။

ပြီး။ လက်ဖက်ရည်တွေ၊ အရက်တွေ
ဖိနပ်တွေ၊ ခြေသည်းလက်သည်း လှီးခုံလေးတွေ။

၂၂ ရက်နေ့ ရောက်ပြန်တာတွေ
၂၃ ရက်နေ့ ရောက်ပြန်တာတွေ။

ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’ ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’
‘ငါ ဘယ်မှာလဲဟေ့’
ငါ့ဘာသာ ပုန်းတမ်းကစားတာတွေ။

တာဝှာ၊ အီကော်နောမစ်
စထရင်း ဟိုတယ်တွေ။

ဝါဇီ၊ ရွှေကြည်အေး၊ ရွှေလမင်း
ပြည်သူ့မုန့်တိုက် မရှိတော့။

Friday, April 17, 2009

Thursday, April 16, 2009

အသည်းစွဲ ကဗျာဆရာ ၅

အောင်ချိမ့်

သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။

ဒါကြောင့်မို့ ငါဟာ ဒေ၀ဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။

ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။

ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။

ငါ့မှာ
ဘုရား တားမြစ်တဲ့အရာကို
ငွေမရ ရွှေမရ
ချစ်ခဲ့ရ။

Wednesday, April 15, 2009

အသည်းစွဲ ကဗျာဆရာ ၎

အောင်ချိမ့်

လမ်းထိပ်ကွမ်းယာဆိုင်က
သကြားလုံးဟာချိုတယ်။
ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့ ရယ်ရတယ်။

‘ဂျွန်လ၏ မိုးရေများ’ .. မှ

အဲဒီလူတွေက ကျွန်တော်တို့ကို ရယ်စရာတွေ လုပ်ပြတယ်
ကျွန်တော်တို့က ရယ်ရမှာ အားနာတယ်
အားနာနာနဲ့ ကျွန်တော်တို့ ရယ်ပါတယ်
ရယ်ပြီးတော့ ကျွန်တော်တို့ စိတ်ညစ်တယ်။

တစ်ဆိတ် ကျွန်တော်ပြောတာ ယုံစေချင်ပါတယ်
ကျွန်တော်တို့လည်း ပေါ့ပါးသွားအောင် တကယ်ရယ်ချင်ပါတယ်။

Tuesday, April 14, 2009

သင်္ကြန်အလွမ်း…


ဘာလိုလိုနဲ့ နှစ်ကူးအတာသင်္ကြန်တောင် ရောက်လာပါပေါ့… ကိုယ့်မြေ ကိုယ့်ရေမှာ အတာသင်္ကြန်နဲ့ မဆုံရတာတောင် ၆ နှစ်ရှိပြီ… တကယ့်တကယ်တမ်း သင်္ကြန်တွေမှာ မပျော်ဖြစ်တာလည်း ကြာပါပြီ။ နောက်ဆုံးကြုံခဲ့ရတဲ့ ကိုယ့်မွေးရပ်မြေ သင်္ကြန်မှာတောင်မှ ဘယ်မှ ဟုတ်တိပတ်တိ သွားဖြစ်ခဲ့တာမှ မဟုတ်ဘဲ။ အိမ်မှာပဲ အေးအေးဆေးဆေးနေ၊ လာတဲ့ သူငယ်ချင်း ညီအစ်ကိုတချို့နဲ့ ၀ိုင်းဖွဲ့၊ စကားပြော၊ အဲဒီလောက်ပါပဲ။ ဒါပေမယ့် သင်္ကြန်က ကိုယ့်အတွက် အမှတ်တရတွေ ရှိနေခဲ့တာတော့ အသေအချာပဲ။ ပထမဆုံး သူငယ်ချင်းတွေနဲ့ စုပြီး လည်ခဲ့တဲ့နှစ်က (၁၉၉၀-၁၉၉၁ လောက်ကဖြစ်မယ်ထင်တယ်) ရန်ကင်း ၁၂ လုံးတန်းဘက်အရောက် ကိုယ်တို့ကားကို ခြေထောက်နဲ့လှမ်းတားလို့ ပြဿနာတက်ခဲ့ရာက သင်္ကြန်ဆိုရင် လည်ဖို့ ကြောက်သွားတဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ပိုင်းနှစ်တွေကတော့ တယောက်ယောက်က ကားနဲ့ကြုံလို့ ၀င်ခေါ်ရင်း ခဏတဖြုတ် လိုက်လည်ဖြစ်တာကလွဲလို့ ဟုတ်တိပတ်တိ မဆင်နွှဲဖြစ်တော့ဘူး။ အများအားဖြင့် အိမ်မှာပဲ နေဖြစ်ခဲ့တော့တယ်။
အမှတ်တရအဖြစ်ဆုံးကတော့ ၂၀၀၅ သင်္ကြန်ပေါ့။ မဲဆောက်မှာ ကိုယ်နဲ့ကိုယ့်ချစ်ဇနီးလေးတို့ လက်မှတ်ထိုးပွဲ လုပ်ဖြစ်ခဲ့တယ်၊ သင်္ကြန်အကြိုနေ့ကြီး။ နီးစပ်ရာ ခင်မင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတစုနဲ့ ပွဲလေးတခု ဖန်တီးဖြစ်ခဲ့တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ မဲဆောက်ရေပူစမ်း၊ ရေတံခွန် သွားလည်ဖြစ်ခဲ့တယ်။ ဒီဘက်နှစ်တွေမှာတော့ ကိုယ့်အတွက် အပျော်ဆုံးဖြစ်ခဲ့ရတဲ့ နှစ်တနှစ်ပါပဲ။
ဒီနှစ်တော့လည်း ထူးထူးခြားခြား သင်္ကြန်မှာ အလွမ်းပိုနေမိတယ်။ အမိမြေကို လွမ်းသလိုလို၊ ပြန်ချင်သလိုလိုနဲ့ ခံစားချက်တမျိုး ဖြစ်နေမိတယ်။ ရောက်နေတဲ့နေရာကလည်း သင်္ကြန်အငွေ့အသက်နဲ့ အတော်လေးကင်းဝေးတဲ့ နေရာမို့လားတော့ မပြောတတ်ဘူး။ ကိုယ့်သက်တမ်းတလျှောက်တော့ သင်္ကြန်အငွေ့အသက်နဲ့ဝေးပြီး နေရတဲ့ ပထမဆုံးနှစ်တနှစ်ပါပဲ။ ပြီးခဲ့တဲ့ တနင်္ဂနွေက ဒီမှာရှိတဲ့ မြန်မာတွေစုပြီး သင်္ကြန်ပွဲ ကျင်းပတာတော့ ရှိပါတယ်။ နောက် ဒီက ဘုန်းကြီးကျောင်းတွေမှာလည်း သင်္ကြန်ပွဲ လုပ်ကြတယ်တဲ့။ ကိုယ်ကတော့ မသွားဖြစ်တော့ပါဘူး။ ဇနီးသည်လေး ကိုယ်ဝန်ရင့်လာတာလည်း ပါတာပေါ့။ နင့်မို့ လူကြားထဲသွားရင်း မတော် တိုက်မိပြုမိရင် ခက်ရချည့်ရဲ့ဆိုပြီး အိမ်မှာပဲ နှစ်ယောက်သား နားနားနေနေ နေမိတော့တယ်။ ဘာပဲဖြစ်ဖြစ်လေ တနှစ်မှ တခါသာကြုံရတဲ့ ကိုယ့် ရိုးရာပွဲဆိုတော့လည်း လွမ်းဆွတ်တမ်းတတဲ့စိတ်က ဖြစ်မိတာပါပဲ။

Thursday, April 9, 2009

သားအတွက် မေတ္တာနဲ့ရေးတဲ့ကဗျာ

သားရေ
ယဉ်ကျေးတဲ့လူ့ဘောင်မှာ
လူတယောက်က လူတယောက်ကို
ရိုက်နှက်မှုမရှိစေရဘူး
ထိုးကြိတ်ကန်ကျောက်မှု မရှိစေရဘူး
နှိပ်စက်ညှဉ်းပန်းမှုမရှိစေရဘူး
သွေးထွက်သံယို သတ်ဖြတ်တယ်ဆိုတာကတော့
ဝေလာဝေးပေါ့ကွယ်

လူတယောက်က လူတယောက်ကို
နားလည်လက်ခံလာအောင်
ဆွေးနွေးပြောဆိုလို့ရတယ်
ညှိနှိုင်းတိုင်ပင်လို့ရတယ်
ဖျောင်းဖျနားချလို့ရတယ်
နာလိုခံသာတဲ့စကားတွေနဲ့
စည်းရုံးသိမ်းသွင်းလို့ရတယ်
တယောက်ကိုတယောက်
မေတ္တာနဲ့ဆက်ဆံတာ အကောင်းဆုံးပေါ့ သားရယ်

တယောက်နဲ့တယောက်
အပေးအယူမျှမျှ
အပြန်အလှန်လေးစားမှု
တန်းတူညီမျှမှု
နားလည်ယုံကြည်မှုရှိဖို့တော့ လိုတာပေါ့ကွယ်

သားရေ
ဖေဖေတို့ကမ္ဘာလေးကို
ယဉ်ကျေးတဲ့လူ့ဘောင်လေးဖြစ်အောင်
တည်ဆောက်ကြည့်ကြပါစို့ကွယ်………။

ဘာရယ်မဟုတ် မိဘတွေက သားသမီးတွေကို ရိုက်နှက်ဆုံးမတဲ့ကိစ္စနဲ့ပတ်သက်ပြီး အတွေးတစ ခေါင်းထဲဝင်လာရင်းနဲ့ ရေးမိတဲ့ကဗျာလေးပါ။ အမိမြေကလွဲလို့ ကျနော်နေခဲ့ဖူးတဲ့ အရှေ့တောင်အာရှထဲက ထိုင်းနိုင်ငံနဲ့ အခုနေနေတဲ့ စင်ကာပူမှာတောင် ကလေးတွေကို ရိုက်နှက်ဆုံးမတဲ့မြင်ကွင်းမျိုး မမြင်တွေ့ရသလောက် ရှားပါးပါတယ်။ ကျနော်တို့အမိမြေမှာတော့ ကလေးတွေကို ရိုက်နှက်ဆုံးမတယ်ဆိုတာ ဘာမှ မထူးဆန်းတဲ့၊ ရိုးအီနေတဲ့ ပုံစံအဖြစ် အခုထက်ထိ မြင်တွေ့နေရတုန်းပါပဲ။ ကလေးတွေကို ရိုက်နှက်ဆုံးမဖို့ လိုအပ်ပါသလား၊ ရိုက်နှက်ဆုံးမလိုက်တော့ရော အဲဒီကလေးတွေက တကယ်ပဲ ကောင်းသွားရောလား၊ ဘာမှ မသိနားမလည်ဘဲ မကြာခင် လူ့လောကကြီးထဲ ရောက်လာတော့မယ့် ကျနော့်ရဲ့ရင်သွေး သားလေးကို ဆိုရင်ရော ….. စသည်အားဖြင့် တွေးတောမိတာနဲ့ ရေးမိတာလေးပါ။

Wednesday, April 8, 2009

အသည်းစွဲ ကဗျာဆရာ ၃

အောင်ချိမ့်

ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။

သွားတိုက်ရမယ် ! ။

အဲဒီမှာ ..
ငါ ဆတ်ခနဲ ကျင်စက်ထိသလို
ငါခုပဲ အဲဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ ‘သွားတိုက်ပုံ’ သရုပ်ဆောင်ပြကွက်ကလေး။

သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။

ပြီး။ သူမရဲ့ဓာတ်ပုံ
သူမရဲ့ KAWABATA MAMIKO ဆိုတဲ့အမည်
သူမရဲ့ ကောက်နုတ်ချက်
ငါ ဖတ်ရတယ်။

I am not an artist.
I am a .. worker တဲ့။

ဒီကဗျာဖတ်မိတဲ့မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။

Tuesday, March 31, 2009

အသည်းစွဲ ကဗျာဆရာ ၂

အောင်ချိမ့်

လည်ပင်းကို တိုင်းတယ်
ရင်အုပ်ကို တိုင်းတယ်
ပခုံး၊ ခါး
လက်မောင်းကို တိုင်းတယ်။

လက်ကောက်ဝတ်ကို တိုင်းတယ်
အရှည်ကိုတိုင်းတယ်
‘ကော်တွန်နော်’ ‘ကြယ်သီး ၁၂ လုံးတပ်မယ်’
‘ကော်လာ ထောင်မယ်’။

အပ်ချုပ်ဆရာက
ပေကြိုးကို ပခုံးပေါ် ခွေတင်လိုက်တယ်။

ပြီးတော့
ငါ့ကို ရွှင်ရွှင်ပြုံးပြုံး ကြည့်တယ်။

အင်း။ ကဗျာကောင်းလေးတစ်ပုဒ်လောက် ရချင်လို့
အဲဒါ ..
အဲဒီအင်္ကျီဝတ်ပြီး
ကဗျာ စပ်မလို့။

Thursday, March 26, 2009

ကဗျာခံစားမှု

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အစ်ကိုကြီးလို ခင်မင်ရတဲ့သူတယောက် ကိုယ်ကြိုက်တတ်တဲ့ ကဗျာစာအုပ်လေးတွေ လူကြုံနဲ့ထည့်ပေးလိုက်လို့ သွားယူဖြစ်တယ်။ အဲဒီထဲက တချို့ကဗျာလေးတွေကို တင်မယ်လို့ စိတ်ကူးရင်း အရင်ဆုံး ကိုယ်နှစ်သက်တဲ့ ကဗျာဆရာတယောက်ဖြစ်တဲ့ ဦးချိမ့် (အောင်ချိမ့်) ရဲ့ ကဗျာတပုဒ်နဲ့ စလိုက်မယ်။ ကဗျာစာအုပ်နာမည်က “အသည်းစွဲကဗျာဆရာ” တဲ့။ အားလုံး ၁၅ ပုဒ်ပါတယ်။ စာအုပ်က မြန်မာလိုရော၊ အင်္ဂလိပ်လိုရော ဘာသာနှစ်မျိုးနဲ့ပေါ့။ ဘာသာပြန်တာကတော့ ဆရာမောင်သာနိုးပါ။ စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်တာပါ။ ကဗျာစာအုပ်အဖွင့်မှာ ကဗျာဆရာက ဒီလိုရေးထားလေရဲ့။

ရှုံးပွဲများအတွက် အမှတ်အသား

ရယ်စရာပါ။ ငိုစရာလည်း ဖြစ်နိုင်ပါတယ်။ ကဗျာပါ။ ကဗျာမဟုတ်ဘူးလို့လည်း ပြောနိုင်ပါတယ်။ ဘ၀ဖြစ်ချင် ဖြစ်မှာပေါ့။ ဖတ်ပါဦး။

မောင်ချောနွယ်က “ဘ၀ကို ဟာသဖြင့် မွမ်းမံသောအခါ အတော်အတန်ပျော်စရာကောင်းလာ၏” လို့ ဆိုပါတယ်။ မကြာသေးမီလေးကပဲ သုခမိန်လှိုင်က “ထိပ်ပေါက်ခေါင်းကွဲ.. ဒဏ်ရာတွေဆို ရောင်စုံပတ်တီးလှလှ စည်းပြမယ်” တဲ့။ ကျွန်တော်ကြည့်ဖြစ်နေတဲ့ သီချင်းအချပ်က Bond မိန်းကလေးများတယောအဖွဲ့ ROYAL ALBERT HALL တင်ဆက်မှု ဖြစ်ပါတယ်။ “ပူလောင်မှု” ပါပြီး “ပူလောင်မှုပြေဆေး” လည်း တစ်ပြိုင်နက်တည်း ပါပါတယ်။ အနုပညာဟာ အံ့သြစရာပဲ။ ရေငတ်ပြေခဲ့တယ်။

တစ်နှစ်ခွဲလောက် ကျွန်တော့် ခလုတ်ကသင်းဇာတ်ကို အရယ်အမောမပျက် တစ်လတစ်ပုဒ် မှန်မှန်ရေးနေခဲ့ပါတယ်။ ကျွန်တော် ရယ်ပြနေခဲ့ပုံပါပဲ။

“အသည်းစွဲကဗျာဆရာ” ပေါ့။ စာဖတ်သူများလည်း ကျွန်တော်နဲ့ အတူရယ်ကြပါ။ ကျွန်တော့်ကိုဖြစ်ဖြစ် ရယ်ပါ။ အလကား ငေါင်နေမယ့်အတူတူ ရယ်နေတာ မကောင်းဘူးလား။

တကယ်လို့ “အသည်းစွဲကဗျာဆရာ” ကို မှားပြီး “အသည်းကွဲ ကဗျာဆရာ” လို့ ဖတ်ရင်လည်း .. ရပါတယ်။ You Okay: Thank You.

လေးစားစွာဖြင့်
အောင်ချိမ့်
၅-၉-၂၀၀၈

အသည်းစွဲကဗျာဆရာ ၁

ကဂျိုးကဂျောင် ဟိုကောင်ဝတ်လာတဲ့ တီရှပ်ဟာ ငါ့အပြာရောင် တီရှပ်ပဲ။ တံဆိပ်နဲ့စာတန်းနဲ့ [စာတန်းက Boney'm ရဲ့ Slogan ကို ကူးရေးထားတာ] Love For Sale တဲ့။ အသက်အရွယ်ကိုမှမထောက် မျက်နှာပြောင်ပြောင်နဲ့။

ဒီကောင် ပြီးခဲ့တဲ့ ၁၀ နှစ်မှာ မိတ်ဆွေတစ်ယောက် မတိုးဘူး။ တွဲနေကျထဲက သုံးယောက် ခွာသွားတယ်။ လက်ဖက်ရည်ဆိုင်မှာ သူတစ်ယောက်တည်း။ ထိုင်ရင် ဒူးချိတ်တယ်။ ထရင် ခါးထောက်တယ်။ စိတ်ပါရင် ကဗျာရေးတယ်။ ခပ်တည်တည်ပဲ ကိုယ့်လူ။

ပေါ့သေးသေး မဟုတ်ဘူး။ ‘သူနဲ့တန်းတူတာ ကမ္ဘာမှာကို ရေလိုက်ရင် လက်နှစ်ဖက် မပြည့်ဘူး’ လို့ အမြဲစဉ်းစားတယ်။ အချိန်ပြည့်ကို စဉ်းစားတာ။ ငါ သိတာပေါ့ကွာ။ အဲဒါ ရယ်စရာလိုလို၊ ငိုစရာလိုလို။

ဒါပေမယ့် သူ့မှာ အခိုင်အမာသူငယ်ချင်း၊ ရဲဘော်နှစ်ယောက်ရှိတယ်။ ကိုယ့်မိန်းမနဲ့ဆို သုံးယောက်ပေါ့။ ငွေယူသုံးတယ်။ ဆာရင် တစ်ယောက်နဲ့တစ်ယောက် စားတယ်။ ရန်ဖြစ်လို့ရတယ်။ အခြားသူတွေကို တစ်စက်မှ အထင်မကြီးဘဲ နေလို့ရတယ်။ ဟား လို့ရတယ်။ သနားလို့ရတယ်။ အနုပညာကို ကြီးကြီးချစ်ခဲ့တယ်။ ဟော..။ အခု ဟို ကဂျိုးကဂျောင်ကောင် လမ်းကူးလာပြီ။ ငါ ရေးနေတဲ့ကဗျာကို လက်စသတ်မှ။

လုံလောက်တယ်
ငါတို့ တစ်ယောက်ကို တစ်ယောက် ကိုးကားလို့
ငါတို့ လုံလောက်တယ်။

Saturday, March 21, 2009

စင်ကာပူအမှတ်တရ

ဇနီးသည်ရဲ့ သူငယ်ချင်းတယောက် တိုပါးယိုး ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေးလုပ်တဲ့နေ့က ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို့နဲ့ ဘုန်းကြီးကျောင်းက အပြန်လမ်းမှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို့ပါ။









Thursday, March 19, 2009

ဇနီးသည်ကိုယ်ဝန် ၂၉ ပတ်။

ဇနီးသည် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ တွေးရတောရ၊ ပူရပင်ရ၊ ပြင်ရဆင်ရ၊ လိုအပ်တာလေးတွေ ၀ယ်ထားဖို့ စလုပ်လာရပြီ။ သူ့ခမျာလည်း သားလေးကို လွယ်ထားရတာ ကြာလာတာနဲ့အမျှ ကာယိကဒုက္ခဝေဒနာက ပိုပိုခံစားလာရတယ်ထင်တယ်။ တော်ကြာ ခါးနာလိုက်၊ မြီးညှောင့်ရိုးကနာလိုက်၊ အလိုလိုနေရင်း ပင်ပန်းသလိုဖြစ်လိုက်နဲ့၊ တခါတခါလည်း အားငယ်သလိုလို၊ ၀မ်းနည်းသလိုလိုဖြစ်လို့တဲ့ မျက်ရည်ကလည်း ကျတတ်သေးတယ်။ အခုလို မိဘသားချင်း၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ ဝေးနေရတဲ့ ရေခြားမြေခြားမှာဆိုတော့လည်း နှစ်ယောက်သား တယောက်ကိုတယောက် အားပေး၊ ကူညီစောင့်ရှောက်၊ ဖေးမရင်း အဆင်အပြေဆုံးဖြစ်အောင် နေထိုင်ရတာပေါ့။ ပိုပြီးနားလည်လာရတာက တယောက်ကိုတယောက် နားလည်မှုရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာပါပဲ။

သူလုပ်ရတဲ့အလုပ်ကလည်း တနေ့တနေ့ ကွန်ပျူတာရှေ့မှာပဲ ထိုင်နေရတဲ့အလုပ်ဆိုတော့ အထိုင်များလို့လားမသိ၊ ခါးက တချက်တချက် နာတယ်တဲ့။ တခါတခါကျတော့လည်း ညဘက် အိပ်နေရင်း သားက လှုပ်တော့ သူ့ခမျာ နိုးနိုးနေတတ်တယ်။ ပြီးတော့ ဆီးကလည်း မကြာမကြာ ထထသွားရတယ်။ အဲဒီတော့လည်း အိပ်ရေးပျက်ရှာတာပေါ့လေ။ သားလေးကလည်း အခုတလော တော်တော်လေး လှုပ်တယ်။ တခါတခါ သူ့ဗိုက်ကိုစမ်းခိုင်းလို့ စမ်းကြည့်ရင် ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့ အထဲက သားလေးလှုပ်နေတာကို ခံစားသိနဲ့ သိနေပြီ။ ကိုယ်တွေအတွက်ကတော့ သားဦးဆိုတော့ အတွေ့အကြုံအသစ်တွေပေါ့လေ။

ဟိုတလောက ဒီမှာနေတဲ့ ငယ်သူငယ်ချင်းတယောက်ဆီ သွားလည်ဖြစ်တယ်။ သူ့အမျိုးသမီးကလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလကမှ သားလေးမွေးထားတာ။ သူ့အတွက်ကတော့ သုံးယောက်မြောက် ရင်သွေးဆိုတော့ နဂိုအတွေ့အကြုံရှိထားပြီးသားမို့ အေးအေးဆေးဆေး ကျော်ဖြတ်ခဲ့ပုံပါပဲ။ ကိုယ်ရောက်သွားတော့ သူ့သားလေးကိုပြရင်း ဒီနေ့ပဲ ကလေးကို ရေချိုးပေးပြီး ဆံပင်တွေရိတ်ပေးထားသတဲ့။ အင်း… ကိုယ်ဆိုရင်တော့ ဒီလောက်ပိစိကွေးလေး၊ လှုပ်စိလှုပ်စိနဲ့ဆိုတော့ လုပ်ရဲလိမ့်မယ် မထင်ဘူး။ ဒါပေမယ့်လည်း လိုအပ်လာရင်တော့ ဖြစ်အောင်လုပ်ရမှာပေါ့လေ၊ ဒီလိုပဲ အားမွေးရတာပေါ့။ ပြီးတော့ ကိုယ့်ထက်အရင် အတွေ့အကြုံရှိထားပြီးသားမို့ လိုအပ်တဲ့အကြံဉာဏ် သိချင်တာလေးတွေလည်း မေးရစမ်းရတာပေါ့လေ။

အဲဒီလိုပဲ ဇနီးသည်က သူ ရှာဖွေဖတ်မိတဲ့ ဘလော့ဂ်လေးတခုကို လမ်းညွှန်လို့ ဖတ်မိသေးတယ်။ အဲဒီထဲမှာလည်း ဘလော့ဂ်ပိုင်ရှင်က ဒီမှာကိုယ်ဝန်ဆောင်တဲ့ သူတွေအတွက် သိသင့်သိထိုက်တဲ့ အကြံပြုချက်လေးတွေ၊ ကုန်ကျစရိတ်၊ သူတို့သားလေးအကြောင်း၊ ကလေးအတွက်လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ၀ယ်မယ်ဆိုရင် ဘယ်ဟာအဆင်ပြေတယ်၊ စသည် လမ်းညွှန်ထားတာတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်မိပါတယ်။ အဲဒီဘလော့ဂ်လေးကို ဒီနေရာမှာ ကြည့်လို့ရပါတယ်။
ဒီနေ့တော့ အိမ်မှာဝယ်ထားတဲ့ ကိုယ်ဝန်ဆောင်တွေသိသင့်တဲ့ အချက်တွေရေးထားတဲ့ “ကိုးလလွယ် ဆယ်လမွေး” ဆိုတဲ့စာအုပ်လေး ပြန်ဖတ်မိတယ်။ အဲဒီထဲက ထပ်သိလိုက်ရတာက သားဦးမွေးမယ့်မိခင် အရပ်သိပ်ပုလွန်းရင် (၄ ပေ ၁၀ လက္မအောက်)၊ အသက်သိပ်ငယ်လွန်းရင် (၁၈ နှစ်ပတ်ဝန်းကျင်)၊ အသက်သိပ်ကြီးလွန်းရင် (အသက် ၃၅ နှစ်အထက်)၊ မွေးရဖွားရ ခက်သတဲ့။ တော်သေးရဲ့၊ ကိုယ့်ဇနီးသည်လေးကတော့ အဲဒီထဲက အချက်တွေနဲ့ အကုန်ကင်းလွတ်လို့။

ကိုယ်ဝန်သည်က သိပ်ဝလွန်းရင်လည်း ကလေးကို စမ်းရပြုရတာ အခက်အခဲရှိတော့ တခါတလေ မွေးရဖွားရ အခက်အခဲတွေ့တတ်သတဲ့။ အင်း ကိုယ့်ဇနီးသည်လေးကတော့ နည်းနည်းဝတဲ့အထဲမှာပါတယ်။ ဒါပေမယ့် အလွန်အကျွံအ၀ကြီးတော့လည်း မဟုတ်ပါဘူးလေ။ ပြီးတော့ မြန်မာအမျိုးသမီးတွေရဲ့ စံနှုန်းအရ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ကိုယ်အလေးချိန်ပေါင် ၈၄ ထက်မနည်း၊ ၁၅၄ ထက် မများသင့်ဘူးတဲ့။ သိစရာအချက်တွေကတော့ အများကြီးပါပဲလေ။ ဒါပေမယ့်လည်း အကုန်လုံး အစစကိုက်ညီတဲ့ အနေအထားမျိုးတော့ မရှိနိုင်ဘူးထင်တာပဲ။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာ မြန်မာပီပီ ကလေးရဲ့ကုသိုလ်ကံ၊ လူကြီးရဲ့ကုသိုလ်ကံ၊ ဒါတွေကလည်း ရှိသေးတာမို့ တတ်နိုင်သလောက် အနေအထိုင် အစားအသောက်ဆင်ခြင်၊ ကိုယ်ဝန်ဆောင်တယောက်အတွက် လိုအပ်တဲ့ လမ်းလျှောက်၊ ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပုံမှန်လုပ်ပေး၊ မွေးဖို့ဖွားဖို့အတွက် ကိုယ့်စိတ်ကို ပြင်ဆင်၊ အနားမှာရှိတဲ့ လင်ယောက်ျားကလည်း အားပေးကူညီရင်း အဆင်ပြေပြေ၊ ချောချောမွေ့မွေ့နဲ့ ကျန်းမာတဲ့သားလေး မွေးဖွားလာဖို့ မျှော်လင့်မိတာပါပဲ။

Tuesday, March 10, 2009

ငယ်ပုံရိပ်နဲ့ သားလေးအတွက် အတွေး-၂

ကိုယ်ငယ်ငယ်က မှတ်မှတ်ရရ ပျော်ရွှင်မိတဲ့ ဖြစ်ရပ်တွေထဲက တခုကတော့ ရံဖန်ရံခါ ကိုယ်တို့မိသားစုရယ်၊ ဖေ့အစ်မကြီး ကိုယ်တို့ကြီးကြီး လင်မယားရယ်၊ သူ့သားသမီး မြေးတချို့နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဘုရားအစုံ သွားဖူးကြတာပဲ။ အဲဒီတုန်းက ကိုယ့်မွေးရပ် သင်္ဃန်းကျွန်းမှာပဲ နေနေတုန်း။ ဖေကလည်း ရုံးကားလေးသုံးနေနိုင်တဲ့အချိန်ဆိုတော့ တချို့ရုံးပိတ်ရက်တွေမှာ ရွှေတိဂုံ၊ မယ်လမု၊ ဗိုလ်တထောင်၊ ကျိုက္ကဆံ၊ ကျိုက္ကလို့၊ ကျိုက္ကလဲ့၊ ကမ္ဘာအေး စသည် ဘုရားဖူး ထွက်လေ့ရှိကြတယ်။ ဖေက သူ့အစ်မကြီးဇနီးမောင်နှံကိုလည်း လိုက်ပို့ရင်းပေါ့။ ကိုယ်တို့ကလေးတွေကလည်း ဘာပဲဖြစ်ဖြစ် ကားကြီးစီးပြီး အပြင်ထွက်နေရရင် ပျော်နေတာပါပဲ။ ပြီးရင် ခရီးတထောက်အဖြစ် ကိုယ်တို့ သင်္ဃန်းကျွန်း၊ ဘီအိုစီနားက လက်ဖက်ရည်ဆိုင်ကြီးတဆိုင် (ဆိုင်နာမည်က “ဧည့်သည်” ထင်တယ်၊ သိပ်တော့ မမှတ်မိတော့ဘူး) မှာ ပေါင်မုန့်ရေခဲညှပ် ၀င်စားကြတယ်။ အဲဒီအစားအစာကလည်း အဲဒီတနေရာပဲ စားဖြစ်သလို မမေ့နိုင်လောက်အောင် ကောင်းလည်းကောင်း၊ ကြိုက်လည်းကြိုက်တဲ့ အစားအစာမို့ မှတ်မှတ်ရရ ဖြစ်မိတယ်။
နောက်တခုမှတ်မိတာက အဲဒီလိုပဲ တခါတရံ အားလပ်ရက်လေးတွေမှာ ဖေက (အများအားဖြင့် ဖေရယ်၊ မေရယ်၊ မမနဲ့ ကိုယ် လေးယောက်ပဲဖြစ်တာများတယ်။ အစ်ကိုကြီးကတော့ လူပျိုပေါက်၊ သူငယ်ချင်း အပေါင်းအသင်းမင်တဲ့ အရွယ်ဆိုတော့ မလိုက်တာများတယ်။) ရန်ကုန်မြို့လယ် အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်မှာရှိတဲ့ မင်္ဂလာကဖီးမှာ လိုက်ကျွေးလေ့ရှိတယ်။ အဲဒီဆိုင်ရောက်ရင် ကိုယ်တို့မောင်နှမနှစ်ယောက်အတွက်တော့ ပွဲတော်ပဲပေါ့၊ အဲဒီဆိုင်က ပေါက်စီ၊ အသားပေါင်း၊ နံရိုးပေါင်း၊ ငါးပေါင်း၊ ဘဲသားမုန့်၊ စသည် ကိုယ်တို့မောင်နှမနှစ်ယောက် အပြတ်တွယ်တာပဲ။ ကိုယ်တို့မောင်နှမ နှစ်ယောက်စလုံးကလည်း ပေါက်ဆီ၊ ၀က်သားပေါင်းဆို အသေကြိုက်တော့ တယောက်ကို နှစ်လုံးသုံးလုံး၊ အသားပေါင်းဆိုလည်း တပွဲနှစ်ပွဲ တွယ်ပစ်တာပဲ။ ဖေနဲ့မေကတော့ ကိုယ်တို့စားတာကြည့်ပြီး ပီတိဖြစ်၊ ဖေ့ရုံးကားမောင်းတဲ့ လူကြီးတွေဆိုလည်း ကိုယ်တို့မောင်နှမနှစ်ယောက် စားနိုင်ပုံကိုကြည့်ပြီး တအံ့တသြဖြစ်ပေါ့။ အသက် အတော်အတန်ကြီးလာတဲ့အထိ အဲဒီကားမောင်းတဲ့ ဦးလေးကြီးတွေနဲ့ ပြန်တွေ့ရင် ကိုယ်တို့မောင်နှမနှစ်ယောက် အဲဒီတုန်းက ဘယ်လိုစားနိုင်ကြောင်း တအံ့တသြ၊ ၀မ်းသာအားရ ပြန်ပြောတတ်ကြတယ်။
ငယ်ငယ်တုန်းက စားနိုင်တယ်ဆိုတော့ အခု ကြီးလာတော့ သိပ်မစားနိုင်တော့ဘူးလို့ ထင်မှတ်မှားနေကြဦးမယ်။ ငယ်တုန်းကလည်း ငယ်အထွာနဲ့၊ အခု ကြီးလာတော့လည်း ကြီးအထွာနဲ့ စားနိုင်တာပါပဲ။ အခုအချိန်ကြတော့ ကိုယ်က အစားဆိုရင် ကိုယ်တိုင်လည်း ကောင်းကောင်းချက်ပြီးစား၊ ကိုယ်နဲ့ အနီးကပ်ရှိနေတဲ့သူကိုလည်း အတင်းကျွေးတတ်သေးတယ်။ ဟုတ်မဟုတ် ကိုယ်တို့အိမ်ထောင်သက် ၅ နှစ်အတွင်း ဇနီးသည်လေးခမျာ ကိုယ်အလေးချိန် ၂၀ ကီလိုလောက် တက်လာတာသာကြည့်ပေတော့။း)

Tuesday, March 3, 2009

ညီလေး

ကြည်မောင်သန်း

ညီလေး
ငါတို့ ဘယ်တော့မှ ထွက်မပြေးဘူး
ထွက်မပြေးဘူး
ဒါဟာ ငါတို့ရဲ့ သစ္စာ
ညီလေး
ခုဆို မင်းက အတွင်းကြေ
ငါတို့က အပြင်ကြေ
ညီလေး
သွေးဟာ သွေးပဲ
ဘယ်တော့မှ ရေ မဖြစ်ဘူး

ညီလေး
ညီညီလွင်က ပြောတယ်
မင်းအတွက် နေ့စဉ် မောရသုတ် ရွတ်မယ်တဲ့
ညီလေး
သိန်းသိန်းကပြောတယ်
ပျော်လို့ ခုန်ချကြတာပဲ
ဒုက္ခ ခံကြရမှာပေါ့တဲ့
ညီလေး
ရဲဌေးက ပြောတယ်
ငါတို့တွေ ရှင်ကွဲပါကွာ
မကြာခင် ပြန်တွေ့ကြရမှာပါတဲ့

ဟုတ်တယ် ညီလေးရေ
သေကွဲပေါင်းများစွာ
ငါတို့ တွေ့ခဲ့ပြီးပါပြီ

ညီလေးရေ
အဆင်ပြေတော့လဲ “ဟိုက် ကော်မရှင်နာ”
အဆင်မပြေတော့လဲ “ဇေ”
တို့တွေ “ဇေ” သောက်လိုက် “ဘေ”၀တ်လိုက်နဲ့
မိုက်မိုက်မဲမဲ ပျော်ရွှင်ခဲ့ကြတာ

ညီလေးရေ
မင်းမရှိတော့
ငါတို့ရဲ့ မယ်ဇလီပင်လည်း ခြောက်သွေ့ပါတယ်ကွာ...

ညီလေး
မင်းက အစားကောင်း အသောက်ကောင်း ကြိုက်တယ်
အချက်အပြုတ် ၀ါသနာပါတယ်
မင်းနဲ့ငါ မနက်တိုင်း ဈေးအတူ သွားခဲ့ကြတာ
ခုတော့လည်း လွမ်းစာ
ညီလေး
လက်ဖက်ရည်ဆိုင်က စားပွဲထိုးက မေးတယ်
သူငယ်ချင်း မပါဘူးလားတဲ့

ညီလေး
ကုန်စိမ်းသည်တွေ ငါးစိမ်းသည်တွေက မေးတယ်
ဗိုက်ပူမပါဘူးလားတဲ့

ညီလေး
မမိုးက မေးတယ်
လုံးချော ဘယ်ပျောက်နေလဲတဲ့

ညီလေး
ထပ်ပြောဦးမယ်
ငါတို့ ဘယ်တော့မှ ထွက်မပြေးဘူး
ထွက်မပြေးဘူး
ဒါဟာ ငါတို့ရဲ့ ယဉ်ကျေးမှု
ငါတို့ရဲ့ သွေးအမျိုးအစား
ငါတို့ရဲ့ တရားအမှန်

ညီလေး
ငှက်တသောင်း နားနိုင်ဖို့
သစ်ကောင်းတပင် ဖြစ်ခဲ့ရင်
မင်း တာဝန်ကျေပါတယ်ကွာ.....။ ။
(မိုးမခအင်တာနက်စာမျက်နှာမှာ ကူးယူဖော်ပြပါသည်။)

Monday, February 16, 2009

သားလေးရဲ့မေမေ







သားလေးကို လွယ်ထားရတဲ့ သားလေးရဲ့မေမေ။ ကိုယ့်အစ်ကိုကြီးက သူ့ကို “ငါ့ညီမက ဗိုက်လေးနဲ့ကျ ပိုပြီးခန့်လာတယ်” လို့ ပြောပြီးကတည်းက အပြင်သွားဖို့ အင်္ကျီအ၀တ်အစားလဲပြီးတာနဲ့ ဓာတ်ပုံ ရိုက်ခိုင်းတော့တာပဲ။း)။ ကိုယ့်အစ်ကိုကြီးပြောတာလည်း ဟုတ်နေတော့ ကိုယ်ကလည်း အမြဲ လိုလိုချင်ချင် ရိုက်ပေးပါတယ်။း)။ အော် ကြွားစရာလေးကလည်း ရှိနေတာကိုး။ သူ ရုံထားတဲ့ ပုဝါလေးက Valentine Day အမှတ်တရ ကိုယ်ဝယ်ပေးထားတာလေ။ အဲဒါလေးကို ရုံလိုက်တိုင်း ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးငြင်သာစွာ ထွေးပွေ့ခံရတယ်လို့ သူမ ခံစားနိုင်စေဖို့ ရည်ရွယ်ပြီး ၀ယ်ပေးမိခဲ့တာပါပဲ။

သားလေးအတွက်

သားလေးအတွက် ရည်ရွယ်ပြီး မိတ်ဆွေ သူငယ်ချင်းအချို့က ပေးထားတဲ့ လက်ဆောင်လေးတွေနဲ့ သူ့ရဲ့စုဘူးလေး။


ကိုယ်တို့ရဲ့သားလေး

Ultra Sound ရိုက်ထားတဲ့ သားလေးရဲ့ပုံလေးတွေ။ Scanner မရှိသေးလို့ ဓာတ်ပုံရိုက်ပြီးပဲ တင်လိုက်ရတယ်။ ဒါကြောင့် ပုံလေးတွေက နည်းနည်းဝါးနေသလားမသိ။ ဘယ်လိုပဲဖြစ်ဖြစ် သားလေးက တစတစ ပုံမှန် ဖွံ့ထွားနေလေရဲ့။ ဟိုတရက်က ရန်ကုန်အိမ်နဲ့ဖုန်းပြောတုန်း ကိုယ့်ရဲ့ တဦးတည်းသော ၉ နှစ်အရွယ် တူမလေးကို နောက်မိတယ်၊ “ဦးငယ်သားလေးက ဦးငယ်နဲ့ သိပ်တူတာပဲ၊ ဦးငယ်လိုပဲ အရပ်ရှည်ရှည်နဲ့ ချောချောလေးလို့ ပြောတော့ တူမလေးက အံမယ် မွေးတောင် မမွေးရသေးဘဲနဲ့ ကြွားနေလိုက်တာ” လို့ ပြန်ပက်လေရဲ့။ ပြီးတော့ သူ့ကိုအချစ်လျော့မှာ စိုးလို့ထင်ပါရဲ့၊ ငိုချင်ချင်တောင်ဖြစ်သွားတယ်လို့လည်း ပြောသေးတယ်။ တတ်လည်းတတ်တဲ့ တူမလေး။ အဲဒါနဲ့ပဲ ဦးငယ်က သမီးရှိပြီးသားမို့လို့ သားလေးပဲ လိုချင်တာ၊ သမီးက နံပါတ်တစ်ပါပဲလို့ သူကျေနပ်အောင် ပြန်ချော့လိုက်ရတယ်။ အဲဒီတော့မှ သူကလည်း သမီးကလည်း ဦးငယ်ကိုပဲ အချစ်ဆုံးပါတဲ့။ အင်း သူ့ဘကြီးများကြားရင်တော့ မနာလိုဖြစ်ဦးမှာပဲ။း)