မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Tuesday, March 10, 2009

ငယ်ပုံရိပ်နဲ့ သားလေးအတွက် အတွေး-၂

ကိုယ်ငယ်ငယ်က မှတ်မှတ်ရရ ပျော်ရွှင်မိတဲ့ ဖြစ်ရပ်တွေထဲက တခုကတော့ ရံဖန်ရံခါ ကိုယ်တို့မိသားစုရယ်၊ ဖေ့အစ်မကြီး ကိုယ်တို့ကြီးကြီး လင်မယားရယ်၊ သူ့သားသမီး မြေးတချို့နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဘုရားအစုံ သွားဖူးကြတာပဲ။ အဲဒီတုန်းက ကိုယ့်မွေးရပ် သင်္ဃန်းကျွန်းမှာပဲ နေနေတုန်း။ ဖေကလည်း ရုံးကားလေးသုံးနေနိုင်တဲ့အချိန်ဆိုတော့ တချို့ရုံးပိတ်ရက်တွေမှာ ရွှေတိဂုံ၊ မယ်လမု၊ ဗိုလ်တထောင်၊ ကျိုက္ကဆံ၊ ကျိုက္ကလို့၊ ကျိုက္ကလဲ့၊ ကမ္ဘာအေး စသည် ဘုရားဖူး ထွက်လေ့ရှိကြတယ်။ ဖေက သူ့အစ်မကြီးဇနီးမောင်နှံကိုလည်း လိုက်ပို့ရင်းပေါ့။ ကိုယ်တို့ကလေးတွေကလည်း ဘာပဲဖြစ်ဖြစ် ကားကြီးစီးပြီး အပြင်ထွက်နေရရင် ပျော်နေတာပါပဲ။ ပြီးရင် ခရီးတထောက်အဖြစ် ကိုယ်တို့ သင်္ဃန်းကျွန်း၊ ဘီအိုစီနားက လက်ဖက်ရည်ဆိုင်ကြီးတဆိုင် (ဆိုင်နာမည်က “ဧည့်သည်” ထင်တယ်၊ သိပ်တော့ မမှတ်မိတော့ဘူး) မှာ ပေါင်မုန့်ရေခဲညှပ် ၀င်စားကြတယ်။ အဲဒီအစားအစာကလည်း အဲဒီတနေရာပဲ စားဖြစ်သလို မမေ့နိုင်လောက်အောင် ကောင်းလည်းကောင်း၊ ကြိုက်လည်းကြိုက်တဲ့ အစားအစာမို့ မှတ်မှတ်ရရ ဖြစ်မိတယ်။
နောက်တခုမှတ်မိတာက အဲဒီလိုပဲ တခါတရံ အားလပ်ရက်လေးတွေမှာ ဖေက (အများအားဖြင့် ဖေရယ်၊ မေရယ်၊ မမနဲ့ ကိုယ် လေးယောက်ပဲဖြစ်တာများတယ်။ အစ်ကိုကြီးကတော့ လူပျိုပေါက်၊ သူငယ်ချင်း အပေါင်းအသင်းမင်တဲ့ အရွယ်ဆိုတော့ မလိုက်တာများတယ်။) ရန်ကုန်မြို့လယ် အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်မှာရှိတဲ့ မင်္ဂလာကဖီးမှာ လိုက်ကျွေးလေ့ရှိတယ်။ အဲဒီဆိုင်ရောက်ရင် ကိုယ်တို့မောင်နှမနှစ်ယောက်အတွက်တော့ ပွဲတော်ပဲပေါ့၊ အဲဒီဆိုင်က ပေါက်စီ၊ အသားပေါင်း၊ နံရိုးပေါင်း၊ ငါးပေါင်း၊ ဘဲသားမုန့်၊ စသည် ကိုယ်တို့မောင်နှမနှစ်ယောက် အပြတ်တွယ်တာပဲ။ ကိုယ်တို့မောင်နှမ နှစ်ယောက်စလုံးကလည်း ပေါက်ဆီ၊ ၀က်သားပေါင်းဆို အသေကြိုက်တော့ တယောက်ကို နှစ်လုံးသုံးလုံး၊ အသားပေါင်းဆိုလည်း တပွဲနှစ်ပွဲ တွယ်ပစ်တာပဲ။ ဖေနဲ့မေကတော့ ကိုယ်တို့စားတာကြည့်ပြီး ပီတိဖြစ်၊ ဖေ့ရုံးကားမောင်းတဲ့ လူကြီးတွေဆိုလည်း ကိုယ်တို့မောင်နှမနှစ်ယောက် စားနိုင်ပုံကိုကြည့်ပြီး တအံ့တသြဖြစ်ပေါ့။ အသက် အတော်အတန်ကြီးလာတဲ့အထိ အဲဒီကားမောင်းတဲ့ ဦးလေးကြီးတွေနဲ့ ပြန်တွေ့ရင် ကိုယ်တို့မောင်နှမနှစ်ယောက် အဲဒီတုန်းက ဘယ်လိုစားနိုင်ကြောင်း တအံ့တသြ၊ ၀မ်းသာအားရ ပြန်ပြောတတ်ကြတယ်။
ငယ်ငယ်တုန်းက စားနိုင်တယ်ဆိုတော့ အခု ကြီးလာတော့ သိပ်မစားနိုင်တော့ဘူးလို့ ထင်မှတ်မှားနေကြဦးမယ်။ ငယ်တုန်းကလည်း ငယ်အထွာနဲ့၊ အခု ကြီးလာတော့လည်း ကြီးအထွာနဲ့ စားနိုင်တာပါပဲ။ အခုအချိန်ကြတော့ ကိုယ်က အစားဆိုရင် ကိုယ်တိုင်လည်း ကောင်းကောင်းချက်ပြီးစား၊ ကိုယ်နဲ့ အနီးကပ်ရှိနေတဲ့သူကိုလည်း အတင်းကျွေးတတ်သေးတယ်။ ဟုတ်မဟုတ် ကိုယ်တို့အိမ်ထောင်သက် ၅ နှစ်အတွင်း ဇနီးသည်လေးခမျာ ကိုယ်အလေးချိန် ၂၀ ကီလိုလောက် တက်လာတာသာကြည့်ပေတော့။း)

No comments:

Post a Comment