ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အစ်ကိုကြီးလို ခင်မင်ရတဲ့သူတယောက် ကိုယ်ကြိုက်တတ်တဲ့ ကဗျာစာအုပ်လေးတွေ လူကြုံနဲ့ထည့်ပေးလိုက်လို့ သွားယူဖြစ်တယ်။ အဲဒီထဲက တချို့ကဗျာလေးတွေကို တင်မယ်လို့ စိတ်ကူးရင်း အရင်ဆုံး ကိုယ်နှစ်သက်တဲ့ ကဗျာဆရာတယောက်ဖြစ်တဲ့ ဦးချိမ့် (အောင်ချိမ့်) ရဲ့ ကဗျာတပုဒ်နဲ့ စလိုက်မယ်။ ကဗျာစာအုပ်နာမည်က “အသည်းစွဲကဗျာဆရာ” တဲ့။ အားလုံး ၁၅ ပုဒ်ပါတယ်။ စာအုပ်က မြန်မာလိုရော၊ အင်္ဂလိပ်လိုရော ဘာသာနှစ်မျိုးနဲ့ပေါ့။ ဘာသာပြန်တာကတော့ ဆရာမောင်သာနိုးပါ။ စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်တာပါ။ ကဗျာစာအုပ်အဖွင့်မှာ ကဗျာဆရာက ဒီလိုရေးထားလေရဲ့။
ရှုံးပွဲများအတွက် အမှတ်အသား
ရယ်စရာပါ။ ငိုစရာလည်း ဖြစ်နိုင်ပါတယ်။ ကဗျာပါ။ ကဗျာမဟုတ်ဘူးလို့လည်း ပြောနိုင်ပါတယ်။ ဘ၀ဖြစ်ချင် ဖြစ်မှာပေါ့။ ဖတ်ပါဦး။
မောင်ချောနွယ်က “ဘ၀ကို ဟာသဖြင့် မွမ်းမံသောအခါ အတော်အတန်ပျော်စရာကောင်းလာ၏” လို့ ဆိုပါတယ်။ မကြာသေးမီလေးကပဲ သုခမိန်လှိုင်က “ထိပ်ပေါက်ခေါင်းကွဲ.. ဒဏ်ရာတွေဆို ရောင်စုံပတ်တီးလှလှ စည်းပြမယ်” တဲ့။ ကျွန်တော်ကြည့်ဖြစ်နေတဲ့ သီချင်းအချပ်က Bond မိန်းကလေးများတယောအဖွဲ့ ROYAL ALBERT HALL တင်ဆက်မှု ဖြစ်ပါတယ်။ “ပူလောင်မှု” ပါပြီး “ပူလောင်မှုပြေဆေး” လည်း တစ်ပြိုင်နက်တည်း ပါပါတယ်။ အနုပညာဟာ အံ့သြစရာပဲ။ ရေငတ်ပြေခဲ့တယ်။
တစ်နှစ်ခွဲလောက် ကျွန်တော့် ခလုတ်ကသင်းဇာတ်ကို အရယ်အမောမပျက် တစ်လတစ်ပုဒ် မှန်မှန်ရေးနေခဲ့ပါတယ်။ ကျွန်တော် ရယ်ပြနေခဲ့ပုံပါပဲ။
“အသည်းစွဲကဗျာဆရာ” ပေါ့။ စာဖတ်သူများလည်း ကျွန်တော်နဲ့ အတူရယ်ကြပါ။ ကျွန်တော့်ကိုဖြစ်ဖြစ် ရယ်ပါ။ အလကား ငေါင်နေမယ့်အတူတူ ရယ်နေတာ မကောင်းဘူးလား။
တကယ်လို့ “အသည်းစွဲကဗျာဆရာ” ကို မှားပြီး “အသည်းကွဲ ကဗျာဆရာ” လို့ ဖတ်ရင်လည်း .. ရပါတယ်။ You Okay: Thank You.
လေးစားစွာဖြင့်
အောင်ချိမ့်
၅-၉-၂၀၀၈
အသည်းစွဲကဗျာဆရာ ၁
ကဂျိုးကဂျောင် ဟိုကောင်ဝတ်လာတဲ့ တီရှပ်ဟာ ငါ့အပြာရောင် တီရှပ်ပဲ။ တံဆိပ်နဲ့စာတန်းနဲ့ [စာတန်းက Boney'm ရဲ့ Slogan ကို ကူးရေးထားတာ] Love For Sale တဲ့။ အသက်အရွယ်ကိုမှမထောက် မျက်နှာပြောင်ပြောင်နဲ့။
ဒီကောင် ပြီးခဲ့တဲ့ ၁၀ နှစ်မှာ မိတ်ဆွေတစ်ယောက် မတိုးဘူး။ တွဲနေကျထဲက သုံးယောက် ခွာသွားတယ်။ လက်ဖက်ရည်ဆိုင်မှာ သူတစ်ယောက်တည်း။ ထိုင်ရင် ဒူးချိတ်တယ်။ ထရင် ခါးထောက်တယ်။ စိတ်ပါရင် ကဗျာရေးတယ်။ ခပ်တည်တည်ပဲ ကိုယ့်လူ။
ပေါ့သေးသေး မဟုတ်ဘူး။ ‘သူနဲ့တန်းတူတာ ကမ္ဘာမှာကို ရေလိုက်ရင် လက်နှစ်ဖက် မပြည့်ဘူး’ လို့ အမြဲစဉ်းစားတယ်။ အချိန်ပြည့်ကို စဉ်းစားတာ။ ငါ သိတာပေါ့ကွာ။ အဲဒါ ရယ်စရာလိုလို၊ ငိုစရာလိုလို။
ဒါပေမယ့် သူ့မှာ အခိုင်အမာသူငယ်ချင်း၊ ရဲဘော်နှစ်ယောက်ရှိတယ်။ ကိုယ့်မိန်းမနဲ့ဆို သုံးယောက်ပေါ့။ ငွေယူသုံးတယ်။ ဆာရင် တစ်ယောက်နဲ့တစ်ယောက် စားတယ်။ ရန်ဖြစ်လို့ရတယ်။ အခြားသူတွေကို တစ်စက်မှ အထင်မကြီးဘဲ နေလို့ရတယ်။ ဟား လို့ရတယ်။ သနားလို့ရတယ်။ အနုပညာကို ကြီးကြီးချစ်ခဲ့တယ်။ ဟော..။ အခု ဟို ကဂျိုးကဂျောင်ကောင် လမ်းကူးလာပြီ။ ငါ ရေးနေတဲ့ကဗျာကို လက်စသတ်မှ။
လုံလောက်တယ်
ငါတို့ တစ်ယောက်ကို တစ်ယောက် ကိုးကားလို့
ငါတို့ လုံလောက်တယ်။
Thursday, March 26, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment