သားရေ
ယဉ်ကျေးတဲ့လူ့ဘောင်မှာ
လူတယောက်က လူတယောက်ကို
ရိုက်နှက်မှုမရှိစေရဘူး
ထိုးကြိတ်ကန်ကျောက်မှု မရှိစေရဘူး
နှိပ်စက်ညှဉ်းပန်းမှုမရှိစေရဘူး
သွေးထွက်သံယို သတ်ဖြတ်တယ်ဆိုတာကတော့
ဝေလာဝေးပေါ့ကွယ်
လူတယောက်က လူတယောက်ကို
နားလည်လက်ခံလာအောင်
ဆွေးနွေးပြောဆိုလို့ရတယ်
ညှိနှိုင်းတိုင်ပင်လို့ရတယ်
ဖျောင်းဖျနားချလို့ရတယ်
နာလိုခံသာတဲ့စကားတွေနဲ့
စည်းရုံးသိမ်းသွင်းလို့ရတယ်
တယောက်ကိုတယောက်
မေတ္တာနဲ့ဆက်ဆံတာ အကောင်းဆုံးပေါ့ သားရယ်
တယောက်နဲ့တယောက်
အပေးအယူမျှမျှ
အပြန်အလှန်လေးစားမှု
တန်းတူညီမျှမှု
နားလည်ယုံကြည်မှုရှိဖို့တော့ လိုတာပေါ့ကွယ်
သားရေ
ဖေဖေတို့ကမ္ဘာလေးကို
ယဉ်ကျေးတဲ့လူ့ဘောင်လေးဖြစ်အောင်
တည်ဆောက်ကြည့်ကြပါစို့ကွယ်………။
ဘာရယ်မဟုတ် မိဘတွေက သားသမီးတွေကို ရိုက်နှက်ဆုံးမတဲ့ကိစ္စနဲ့ပတ်သက်ပြီး အတွေးတစ ခေါင်းထဲဝင်လာရင်းနဲ့ ရေးမိတဲ့ကဗျာလေးပါ။ အမိမြေကလွဲလို့ ကျနော်နေခဲ့ဖူးတဲ့ အရှေ့တောင်အာရှထဲက ထိုင်းနိုင်ငံနဲ့ အခုနေနေတဲ့ စင်ကာပူမှာတောင် ကလေးတွေကို ရိုက်နှက်ဆုံးမတဲ့မြင်ကွင်းမျိုး မမြင်တွေ့ရသလောက် ရှားပါးပါတယ်။ ကျနော်တို့အမိမြေမှာတော့ ကလေးတွေကို ရိုက်နှက်ဆုံးမတယ်ဆိုတာ ဘာမှ မထူးဆန်းတဲ့၊ ရိုးအီနေတဲ့ ပုံစံအဖြစ် အခုထက်ထိ မြင်တွေ့နေရတုန်းပါပဲ။ ကလေးတွေကို ရိုက်နှက်ဆုံးမဖို့ လိုအပ်ပါသလား၊ ရိုက်နှက်ဆုံးမလိုက်တော့ရော အဲဒီကလေးတွေက တကယ်ပဲ ကောင်းသွားရောလား၊ ဘာမှ မသိနားမလည်ဘဲ မကြာခင် လူ့လောကကြီးထဲ ရောက်လာတော့မယ့် ကျနော့်ရဲ့ရင်သွေး သားလေးကို ဆိုရင်ရော ….. စသည်အားဖြင့် တွေးတောမိတာနဲ့ ရေးမိတာလေးပါ။
Thursday, April 9, 2009
Subscribe to:
Post Comments (Atom)

ကောင်းလိုက်တဲ့ ကဗျာလေးပဲ။ ကိုကြီး နဲ့ အစ်မအတွက် မကြာခင် လူ့လောကကြီးထဲ ရောက်လာမယ့် သားသားလေးရေ သားသားဖေဖေ နဲ့
ReplyDeleteသားသားမေမေက အရမ်းကို အကြင်နာတတ်တဲ့သူတွေပါ။