မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Thursday, March 19, 2009

ဇနီးသည်ကိုယ်ဝန် ၂၉ ပတ်။

ဇနီးသည် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ တွေးရတောရ၊ ပူရပင်ရ၊ ပြင်ရဆင်ရ၊ လိုအပ်တာလေးတွေ ၀ယ်ထားဖို့ စလုပ်လာရပြီ။ သူ့ခမျာလည်း သားလေးကို လွယ်ထားရတာ ကြာလာတာနဲ့အမျှ ကာယိကဒုက္ခဝေဒနာက ပိုပိုခံစားလာရတယ်ထင်တယ်။ တော်ကြာ ခါးနာလိုက်၊ မြီးညှောင့်ရိုးကနာလိုက်၊ အလိုလိုနေရင်း ပင်ပန်းသလိုဖြစ်လိုက်နဲ့၊ တခါတခါလည်း အားငယ်သလိုလို၊ ၀မ်းနည်းသလိုလိုဖြစ်လို့တဲ့ မျက်ရည်ကလည်း ကျတတ်သေးတယ်။ အခုလို မိဘသားချင်း၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ ဝေးနေရတဲ့ ရေခြားမြေခြားမှာဆိုတော့လည်း နှစ်ယောက်သား တယောက်ကိုတယောက် အားပေး၊ ကူညီစောင့်ရှောက်၊ ဖေးမရင်း အဆင်အပြေဆုံးဖြစ်အောင် နေထိုင်ရတာပေါ့။ ပိုပြီးနားလည်လာရတာက တယောက်ကိုတယောက် နားလည်မှုရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာပါပဲ။

သူလုပ်ရတဲ့အလုပ်ကလည်း တနေ့တနေ့ ကွန်ပျူတာရှေ့မှာပဲ ထိုင်နေရတဲ့အလုပ်ဆိုတော့ အထိုင်များလို့လားမသိ၊ ခါးက တချက်တချက် နာတယ်တဲ့။ တခါတခါကျတော့လည်း ညဘက် အိပ်နေရင်း သားက လှုပ်တော့ သူ့ခမျာ နိုးနိုးနေတတ်တယ်။ ပြီးတော့ ဆီးကလည်း မကြာမကြာ ထထသွားရတယ်။ အဲဒီတော့လည်း အိပ်ရေးပျက်ရှာတာပေါ့လေ။ သားလေးကလည်း အခုတလော တော်တော်လေး လှုပ်တယ်။ တခါတခါ သူ့ဗိုက်ကိုစမ်းခိုင်းလို့ စမ်းကြည့်ရင် ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့ အထဲက သားလေးလှုပ်နေတာကို ခံစားသိနဲ့ သိနေပြီ။ ကိုယ်တွေအတွက်ကတော့ သားဦးဆိုတော့ အတွေ့အကြုံအသစ်တွေပေါ့လေ။

ဟိုတလောက ဒီမှာနေတဲ့ ငယ်သူငယ်ချင်းတယောက်ဆီ သွားလည်ဖြစ်တယ်။ သူ့အမျိုးသမီးကလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလကမှ သားလေးမွေးထားတာ။ သူ့အတွက်ကတော့ သုံးယောက်မြောက် ရင်သွေးဆိုတော့ နဂိုအတွေ့အကြုံရှိထားပြီးသားမို့ အေးအေးဆေးဆေး ကျော်ဖြတ်ခဲ့ပုံပါပဲ။ ကိုယ်ရောက်သွားတော့ သူ့သားလေးကိုပြရင်း ဒီနေ့ပဲ ကလေးကို ရေချိုးပေးပြီး ဆံပင်တွေရိတ်ပေးထားသတဲ့။ အင်း… ကိုယ်ဆိုရင်တော့ ဒီလောက်ပိစိကွေးလေး၊ လှုပ်စိလှုပ်စိနဲ့ဆိုတော့ လုပ်ရဲလိမ့်မယ် မထင်ဘူး။ ဒါပေမယ့်လည်း လိုအပ်လာရင်တော့ ဖြစ်အောင်လုပ်ရမှာပေါ့လေ၊ ဒီလိုပဲ အားမွေးရတာပေါ့။ ပြီးတော့ ကိုယ့်ထက်အရင် အတွေ့အကြုံရှိထားပြီးသားမို့ လိုအပ်တဲ့အကြံဉာဏ် သိချင်တာလေးတွေလည်း မေးရစမ်းရတာပေါ့လေ။

အဲဒီလိုပဲ ဇနီးသည်က သူ ရှာဖွေဖတ်မိတဲ့ ဘလော့ဂ်လေးတခုကို လမ်းညွှန်လို့ ဖတ်မိသေးတယ်။ အဲဒီထဲမှာလည်း ဘလော့ဂ်ပိုင်ရှင်က ဒီမှာကိုယ်ဝန်ဆောင်တဲ့ သူတွေအတွက် သိသင့်သိထိုက်တဲ့ အကြံပြုချက်လေးတွေ၊ ကုန်ကျစရိတ်၊ သူတို့သားလေးအကြောင်း၊ ကလေးအတွက်လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ၀ယ်မယ်ဆိုရင် ဘယ်ဟာအဆင်ပြေတယ်၊ စသည် လမ်းညွှန်ထားတာတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်မိပါတယ်။ အဲဒီဘလော့ဂ်လေးကို ဒီနေရာမှာ ကြည့်လို့ရပါတယ်။
ဒီနေ့တော့ အိမ်မှာဝယ်ထားတဲ့ ကိုယ်ဝန်ဆောင်တွေသိသင့်တဲ့ အချက်တွေရေးထားတဲ့ “ကိုးလလွယ် ဆယ်လမွေး” ဆိုတဲ့စာအုပ်လေး ပြန်ဖတ်မိတယ်။ အဲဒီထဲက ထပ်သိလိုက်ရတာက သားဦးမွေးမယ့်မိခင် အရပ်သိပ်ပုလွန်းရင် (၄ ပေ ၁၀ လက္မအောက်)၊ အသက်သိပ်ငယ်လွန်းရင် (၁၈ နှစ်ပတ်ဝန်းကျင်)၊ အသက်သိပ်ကြီးလွန်းရင် (အသက် ၃၅ နှစ်အထက်)၊ မွေးရဖွားရ ခက်သတဲ့။ တော်သေးရဲ့၊ ကိုယ့်ဇနီးသည်လေးကတော့ အဲဒီထဲက အချက်တွေနဲ့ အကုန်ကင်းလွတ်လို့။

ကိုယ်ဝန်သည်က သိပ်ဝလွန်းရင်လည်း ကလေးကို စမ်းရပြုရတာ အခက်အခဲရှိတော့ တခါတလေ မွေးရဖွားရ အခက်အခဲတွေ့တတ်သတဲ့။ အင်း ကိုယ့်ဇနီးသည်လေးကတော့ နည်းနည်းဝတဲ့အထဲမှာပါတယ်။ ဒါပေမယ့် အလွန်အကျွံအ၀ကြီးတော့လည်း မဟုတ်ပါဘူးလေ။ ပြီးတော့ မြန်မာအမျိုးသမီးတွေရဲ့ စံနှုန်းအရ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ကိုယ်အလေးချိန်ပေါင် ၈၄ ထက်မနည်း၊ ၁၅၄ ထက် မများသင့်ဘူးတဲ့။ သိစရာအချက်တွေကတော့ အများကြီးပါပဲလေ။ ဒါပေမယ့်လည်း အကုန်လုံး အစစကိုက်ညီတဲ့ အနေအထားမျိုးတော့ မရှိနိုင်ဘူးထင်တာပဲ။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာ မြန်မာပီပီ ကလေးရဲ့ကုသိုလ်ကံ၊ လူကြီးရဲ့ကုသိုလ်ကံ၊ ဒါတွေကလည်း ရှိသေးတာမို့ တတ်နိုင်သလောက် အနေအထိုင် အစားအသောက်ဆင်ခြင်၊ ကိုယ်ဝန်ဆောင်တယောက်အတွက် လိုအပ်တဲ့ လမ်းလျှောက်၊ ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပုံမှန်လုပ်ပေး၊ မွေးဖို့ဖွားဖို့အတွက် ကိုယ့်စိတ်ကို ပြင်ဆင်၊ အနားမှာရှိတဲ့ လင်ယောက်ျားကလည်း အားပေးကူညီရင်း အဆင်ပြေပြေ၊ ချောချောမွေ့မွေ့နဲ့ ကျန်းမာတဲ့သားလေး မွေးဖွားလာဖို့ မျှော်လင့်မိတာပါပဲ။

No comments:

Post a Comment