မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Tuesday, May 12, 2009

ဇနီးသည် ကိုယ်ဝန်ရင့်လာတာ၊ မွေးဖို့ နီးလာတဲ့အလျောက်… (Due Date June 6, 2009)

ဇနီးသည် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဆေးရုံပြရတာလည်း စိတ်လာတယ်။ အရင်က လေးငါးပတ်နေမှတကြိမ် ပြရာက နှစ်ပတ်တကြိမ်၊ အခုနောက်ဆုံး တပတ်တကြိမ် ပြရတယ်။ ကမ္ဘာကြီးကလည်း ဘာတွေဖြစ်တယ်မသိ၊ ရောဂါအဆန်းအပြားတွေကလည်း စုံမှစုံပဲ။ ဆားစ်ရောဂါတဲ့၊ ကြက်တုပ်ကွေးတဲ့၊ အခုနောက်ဆုံးတော့ ထူးထူးဆန်းဆန်း ၀က်တုပ်ကွေးဆိုပဲ။ ဟိုး တောင်အမေရိကတိုက် မက္ကဆီကိုနိုင်ငံကစလိုက်တာ အခုနောက်ဆုံး အာရှက တချို့နိုင်ငံတွေတောင် ရောက်လာပါပေါ့။ အဲဒီဝက်တုပ်ကွေးကြောင့်ပဲ အခုနောက်ပိုင်း ဒီမှာလည်း ဆေးရုံသွားပြရင် စစ်လိုက် ဆေးလိုက်တာ ဆိုတာ။ လာတဲ့လူတိုင်း ဆေးရုံထဲဝင်မယ်ဆိုရင် အပူချိန်တိုင်းတယ်၊ ပြီးရင် မျက်နှာဖုံးစွပ်ဖို့ပေးတယ်။ ဆေးရုံက ဆရာဝန်၊ ဆရာမ ၀န်ထမ်းတွေအားလုံးလည်း မျက်နှာဖုံးစွပ်တွေနဲ့ပဲ။ အရင်လို ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် မရတော့ဘူး။

အရင်ဆုံး ဧပြီ ၂၄ ရက်နေ့ ဇနီးသည် ကိုယ်ဝန် ၃၄ ပတ်ထဲမှာ ပုံမှန် ဆရာဝန်ပြရက် ဆေးရုံသွားခဲ့တုန်းက ကြုံခဲ့ရတာလေး ပြောပြချင်ပါတယ်။ ဇနီးသည်ကလည်း ကိုယ်ဝန်ရင့်လာတာနဲ့အမျှ အလိုလိုနေရင်း ပင်ပန်းတာတို့ ဘာတို့ ဖြစ်တတ်တယ်။ အဲဒီနေ့က ဆရာဝန်ပြပြီး နှစ်ယောက်သား ဆရာဝန်ရေးပေးလိုက်တဲ့ ဆေးစာနဲ့ ဆေးတွေဝယ်မလို့ စောင့်နေတုန်း ကိုယ်လည်း ဗိုက်ထဲက ရစ်လာတာနဲ့ ဇနီးသည်ကိုပြောပြီး အိမ်သာသွားတယ်။ ကိုယ်က အိမ်သာဝင်ရင် ထုံးစံအတိုင်း ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ထုတ်ပြီး အိမ်သာထဲက တစ်ရှူးအလိပ်ထည့်ထဲ့ ပုံးလေးပေါ် တင်ထားနေကြ၊ ခါတိုင်းတော့ ကိစ္စ၀ိစ္စပြီးတာနဲ့ ပိုက်ဆံအိတ်လေးကို ပြန်ယူစမြဲပဲ၊ ဘယ်တုန်းကမှ မမေ့တတ်ဘူး။ အဲဒီနေ့ကတော့ ဗိုက်ထဲက ရှင်းစရာရှိတာတွေ ရှင်းပြီးလို့ အပြင်ပြန်ထွက်တော့ ပိုက်ဆံအိတ်ကို ယူလာဖို့ မေ့သွားတယ်။ အဲဒီအချိန် အိမ်သာထဲမှာလည်း လူက ကိုယ်အပြင် တခြားတယောက်ပဲရှိတယ်။ အိမ်သာသုံးခန်းမှာ ကိုယ်က အပေါက်ဝနားက အခန်းမှာ၊ တခြားတယောက်က အတွင်း အစွန်အခန်းမှာ။ ကိုယ်နဲ့ မရှေးမနှောင်း လိုက်ဝင်တာ၊ မျက်မှန်နဲ့ အသက်ခပ်ကြီးကြီး လူကြီးတယောက်ပဲ။ ကိုယ်လည်း အပြင်ပြန်ရောက်ရောက်ချင်း ပိုက်ဆံအိတ် မေ့လာတယ်ဆိုတာ သိတာနဲ့ ချက်ချင်း ပြန်ဝင်တော့ အိမ်သာအ၀င်လမ်းမှာပဲ ခုန အိမ်သာထဲက လူကြီးနဲ့ ဆုံတယ်။ ဒါပေမယ့် သူ့ကို မေးမနေတော့ဘဲ အိမ်သာထဲပဲ ပြန်ဝင်ကြည့်တော့ ပိုက်ဆံအိတ်က မရှိတော့ဘူး။ အဲဒါနဲ့ ခုနလူကြီးကို လိုက်ရှာတော့လည်း မတွေ့တော့ဘူး။ ကိုယ်လည်း ချက်ချင်း ခေါင်းနပန်းကြီးပြီး ချွေးသီးချွေးပေါက်တွေ ထွက်လာတော့တာပေါ့။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံကတော့ သိပ်များများမရှိပါဘူး။ ဒါပေမယ့် နေထိုင်ခွင့်ကတ်တွေ၊ ဘဏ်ကတ်တွေ စသည် အရေးကြီးတဲ့ကတ်တွေ အကုန်လုံးတော့ ပါသွားတာပေါ့။

အဲဒါနဲ့ ကိုယ်လည်း ဇနီးသည်ဆီ ပြန်လာ၊ အကျိုးအကြောင်းပြောပြ၊ ပြီးတော့ အိမ်သာဘက်ပြန်သွားပြီး သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးတွေကိုမေး၊ သူတို့ကလည်း မသိဘူးဆိုတာနဲ့ ဘာဆက်လုပ်ရမလဲလို့ မေးကြည့်တော့ လုံခြုံရေးကို အကြောင်းကြားပါ ဆိုတာနဲ့ အ၀င်ဝက လုံခြုံရေးကို အကျိုးအကြောင်း ပြောပြရတယ်။ လုံခြုံရေးကလည်း လိုအပ်တဲ့ အချက်အလက်တွေမေးပြီး သူ့ဆီမှာရှိတဲ့ Lost Form မှာ ဖြည့်တယ်။ ကိုယ့်ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေဘာတွေ အကုန်ယူထားပြီး ပြန်တွေ့တာနဲ့ အကြောင်းကြားပါ့မယ်လို့ ပြောတယ်။ ကိုယ်လည်း အဲဒီလုံခြုံရေးနဲ့ စကားပြောပြီး အားကုန်သလိုဖြစ်လာတာနဲ့ တနေရာမှာ ထိုင်ပြီး နားနေမိတယ်။ ခေါင်းထဲမှာတော့ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားနေရတာပေါ့။ ပြီးတော့ ဇနီးသည်လည်း ပင်ပန်းနေပြီဆိုတာနဲ့ နှစ်ယောက်သား အိမ်ပြန်မယ်ဆိုပြီး ပြန်လာခဲ့တော့တယ်။ အော် ကားစီးမယ်ဆိုတော့ ကိုယ့်မှာ ကားကတ်လည်း မရှိ၊ ပေးစရာ ပိုက်ဆံလည်းမရှိတော့ ကိုယ့်ကိုယ်ကို အားလုံးဆုံးရှုံးလိုက်ရတဲ့ ဘာမှမရှိတော့တဲ့ လူတယောက်ကို ခံစားလိုက်ရသေးတယ်။ အဲဒါနဲ့ပဲ ဇနီးသည်ပေးတဲ့ အကြွေစေ့နဲ့ ကားသမားကိုမေး၊ ကျသလောက် လက်မှတ်ဝယ်ပြီး ပြန်လာခဲ့တယ်။ ဆေးရုံကနေ အိမ်အပြန်လမ်း ကား သုံးမှတ်တိုင်လောက် စီးမိမှ ဆေးရုံက Security Department က ဖုန်းဆက်လာတယ်၊ ကိုယ့်ပိုက်ဆံအိတ် ပြန်တွေ့ပြီမို့ လာပြန်ယူပါတဲ့။ ကိုယ့်မှာ ၀မ်းသာလိုက်တာဆိုတာ မပြောပါနဲ့တော့။ အဲဒါနဲ့ ကမန်းကတန်း ကားပေါ်ကဆင်း၊ တက္ကဆီငှားပြီး ဆေးရုံကို ချက်ချင်းပြန်သွား၊ ပိုက်ဆံအိတ် ပြန်ယူရတယ်။

ပိုက်ဆံအိတ်ထဲမှာ အရေးကြီးတဲ့ ကတ်တွေ တခုမှ မပျောက်ပေမယ့် နဂိုရှိတဲ့ ပိုက်ဆံ စင်ကာပူဒေါ်လာ ၃၀ တော့ ပါမလာတော့ဘူး။ ကိုယ်လည်း အဲဒီအချိန် ပိုက်ဆံထက် ကျန်တာတွေက အရေးကြီးတော့ သူတို့ကိုပဲ ကျေးဇူးတင်ကြောင်းပြောပြီး ကိုယ့်ပိုက်ဆံအိတ်လေး ပြန်ယူခဲ့တော့တယ်။ သူတို့ကိုလည်း ဘာမှ အသေးစိတ် မေးမနေတော့ပါဘူး။ အရေးကြီးတာတွေ ပြန်ရတာပဲ ကိုယ့်မှာ ၀မ်းသာလှပါပြီ။ အဲဒါနဲ့ တဆက်တည်း စဉ်းစားမိတာက ကိုယ့်တိုင်းကိုယ့်ပြည်မှာဆိုရင်ရော ဒီလိုအဖြစ်အပျက်သာ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီလို ပြန်ရဖို့လွယ်ပါ့မလားပေါ့။ အင်း … ပြန်မရတော့လည်း ကံတရားပေါ့လေ၊ ကိုယ့်ရဲ့ပေါ့လျော့မှုကြောင့် ဖြစ်တာဆိုတော့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ပေါ့။

ဧပြီ ၂၅ ရက် စနေနေ့ကတော့ ကိုယ့်ဇနီးသည်ရဲ့မေမေ ရောက်လာတယ်။ သားလေးမွေးပြီးရင် ကိုယ်တွေက မကိုင်တတ် မတွယ်တတ်တော့ လူကြီးတယောက် ရှိနေဖို့ လိုအပ်တယ်ဆိုပြီး ခေါ်ရတာပေါ့။ အမေလည်း ဒီရောက်ပြီးကတည်းက ပျင်းနေလေရဲ့။ ဒီမှာ လည်စရာပတ်စရာကလည်း သိပ်များများစားစားရှိတာမဟုတ်၊ ပြီးတော့ ဇနီးသည်ကလည်း ဗိုက်ကြီးတကားကားနဲ့ သိပ်အဝေးကြီးသွားဖို့ အဆင်မပြေတာ၊ ပင်ပန်းမှာစိုးတာနဲ့ပဲ ဘယ်မှလည်း ဟုတ်တိပတ်တိ လိုက်မပို့ဖြစ်သေးဘူး။ သားလေးမွေးပြီး အားလုံး အေးအေးဆေးဆေးဖြစ်မှပဲ လိုက်ပို့ရဦးတော့မယ်။

လဆန်း ၂ ရက်နေ့ကတော့ ဇနီးသည်နဲ့ကိုယ် ဆေးရုံမှာ Register သွားလုပ်ကြတယ်။ ဒီမှာပဲ မွေးမယ်ဆိုတော့ မမွေးခင် တလကြိုပြီး Register လုပ်ရတယ်ဆိုတာနဲ့ သွားလုပ်ကြတာ။ ပြီးတော့ မွေးဖွားရင် ကုန်ကျမယ့် ခန့်မှန်းစရိတ်ကိုလည်း Deposit ပေးခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ရမယ့်အလုပ်တခု လုပ်ပြီးသွားလို့ စိတ်အေးသွားရတယ်။

ဒီလ ၄ ရက်နေ့ကလည်း ဇနီးသည်က သားလေး ဒီတရက်နှစ်ရက် သိပ်မလှုပ်ဘူးလို့ ပြောတာနဲ့ စိတ်ပူပြီး ဆေးရုံ သွားပြသေးတယ်။ ခါတိုင်းဆိုရင် ညဘက် အိပ်ရင် သားလေးက တိုးလွန်း လှုပ်လွန်းလို့ ဇနီးသည်ခမျာ ကောင်းကောင်းမအိပ်ရရှာဘူး၊ အိပ်ရေးပျက်ရှာတာပေါ့။ အခုကြတော့လည်း သားလေးက သိပ်မလှုပ်လို့တဲ့၊ သူ့ခမျာ စိတ်ပူပြီး အိပ်မပျော်ရှာဘူး၊ ကိုယ်က နှစ်သိမ့်တော့လည်း မျက်ရည်ကျရှာသေးတယ်။ အော် မိခင်ရဲ့မေတ္တာလို့ ပြောရမလားပဲနော်။ အဲဒါနဲ့ တနင်္လာနေ့ ပုံမှန်အတိုင်း အလုပ်သွားပြီး သူ့အလုပ်က ကလေးမွေးဖူးတဲ့ မိခင်တွေရှိတော့ သူတို့ကို အကျိုးအကြောင်း မေးကြည့်တာ ချက်ချင်း ဆေးရုံသွားပြဖို့ ပြောကြတာနဲ့ နေ့လယ်ပိုင်း ခွင့်ယူပြီး ဆေးရုံသွားပြတယ်။ ဆေးရုံကလည်း ပုံမှန် ကိုယ့်ဆရာဝန်နဲ့ ပြရမယ့်ရက်မဟုတ်တော့ ၂၄ နာရီဖွင့်တဲ့ Delivery Suite ကို သွားပြရတယ်။ ရောက်တာနဲ့ ဇနီးသည်က အကျိုးအကြောင်း ပြောပြတော့ သူ့ကို အထဲကို တန်းခေါ်သွားတယ်။ ကိုယ့်ကိုတော့ အပြင်မှာပဲ စောင့်နေရမတဲ့။ ကိုယ်လည်း ထိုင်ခုံမှာထိုင်စောင့်ရင်း တောင်တွေး မြောက်တွေးပေါ့လေ။

ပြရတဲ့နေရာကလည်း ကလေးမွေးတဲ့နေရာဆိုတော့ တော်ကြာ ဗိုက်ကြီးတွေနဲ့ ၀င်သွားလိုက်ကြ၊ တော်ကြာ မွေးပြီးစလို့ ယူဆရတဲ့ အမျိုးသမီးတွေကို ဆေးရုံအ၀တ်အစားဝတ်ပြီး လက်တွန်းလှည်းလေးတွေနဲ့ တွန်းပြီး ခေါ်လာလိုက်၊ မွေးကင်းစကလေးလေးတွေကိုလည်း လှည်းထဲထည့်ပြီး ခေါ်လာလိုက်နဲ့။ ကိုယ့်မှာ စောင့်ရင်း သူတို့ကိုကြည့်လိုက်၊ တော်ကြာ ဘယ်အချိန် ကိုယ့်ဇနီးသည်လေးလည်း အဲဒီလိုအ၀တ်ကြီးဝတ်ပြီး ထွက်လာမလဲလို့ တွေးလိုက်နဲ့၊ စိတ်ထဲကလည်း ရသမျှ ဘုရားစာတွေ ရွတ်လို့ပေါ့။ ဒီကြားထဲ ၀က်တုပ်ကွေးကြောင့် ပေးထားတဲ့ မျက်နှာဖုံး တပ်ထားရတော့ လူလည်း အသက်ရှူကျပ်လာပြီး မူးချင်သလိုလို အန်ချင်သလိုလို ဖြစ်သေးတယ်။ တနာရီကျော်ကျော်လောက် ထိုင်စောင့်ပြီးတော့မှ ကိုယ်တို့ပြနေကြဆရာဝန် ဇနီးသည်ကိုခေါ်သွားတဲ့ အခန်းထဲ ၀င်သွားတာ တွေ့လိုက်ရတယ်။ ကိုယ်လည်း ဘာရယ်မဟုတ် ပြနေကြဆရာဝန်ကို တွေ့လိုက်ရတော့ အားနည်းနည်းရှိသွားသလိုပဲ။ နောက် ဆယ့်ငါးမိနစ်၊ နာရီဝက်လောက်ကြာတော့ ဆရာဝန်ပြန်ထွက်သွားတယ်။ ကိုယ့်မှာလည်း မေးလိုက်ဖို့ အချိန်မရလိုက်ပါဘူး။ သူကလည်း သုတ်သုတ် သုတ်သုတ်နဲ့။ မြင်လိုက်ရတာကလည်း ခပ်လှမ်းလှမ်းကဆိုတော့။

နောက်ထပ် မိနစ် ၂၀ လောက်နေတော့မှ ဇနီးသည် ပြုံးပြုံးရွှင်ရွှင်နဲ့ ထွက်လာတယ်။ သူ့မျက်နှာ လန်းလန်းဆန်းဆန်း မြင်လိုက်ရတော့မှပဲ ကိုယ်လည်း စိတ်အေးရတော့တယ်။ အဲဒါနဲ့ ဆရာဝန်က scan လုပ်ခိုင်းလို့ တခြား အခန်းတခုမှာ scan သွားလုပ်၊ ပြီးတော့ ဆရာဝန်ကိုပြန်ပြောပေါ့။ ဇနီးသည်ပြန်ပြောပြမှ သူ့ကို အခန်းထဲခေါ်သွားပြီး ultra sound ရိုက်၊ ကလေးရဲ့ နှလုံးကို ECG ရိုက်တယ်တဲ့။ သားလေးရဲ့ နှလုံးခုန်နေပုံကို screen မှာပြထားပြီး နှလုံးခုန်တဲ့အသံကိုလည်း ကြားနေရသတဲ့။ နှလုံးက ပုံမှန်ပဲတဲ့။ Scan လုပ်တော့လည်း ကလေးက ပုံမှန်ရှိရမယ့် အလေးချိန်ရှိတယ်၊ ကျန်တဲ့အနေအထားတွေလည်း အားလုံးကောင်းတယ်ဆိုတာနဲ့ နှစ်ယောက်သား စိတ်လက်ချမ်းသာစွာ ပြန်လာခဲ့ရတော့တယ်။ အားလုံးပြီးတော့ ညနေစောင်း ၄ နာရီထိုးခါနီး၊ အဲဒီတော့မှပဲ ကိုယ်တို့နှစ်ယောက်လည်း ဆေးရုံက food court မှာပဲ နေ့လယ်စာ စားဖြစ်တော့တယ်။ ဘာပဲဖြစ်ဖြစ် သားလေး ကျန်းမာစွာရှိနေတယ်ဆိုတာ သိလိုက်ရတော့ စိတ်ရှင်းရှင်းနဲ့ စိတ်လည်း အေးသွားရတာပေါ့လေ။

ပြီးခဲ့တဲ့အပတ် သောကြာနေ့ (၈ ရက်နေ့) က တခါ ပုံမှန်ဆရာဝန်ပြရမယ့်ဆိုတော့ ဆေးရုံထပ်သွားရတယ်။ ဒီတခေါက်တော့ အေးအေးဆေးဆေးပါပဲ။ ဆရာဝန်လည်း ပုံမှန် စမ်းသပ်စစ်ဆေးပြီး သားလေးက အနေအထား ပုံမှန်ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ခေါင်းကတော့ အောက်စိုက်နေပြီဆိုတဲ့အကြောင်း ပြောတယ်။ ပြီးခဲ့တဲ့အပတ်က သားလေး သိပ်မလှုပ်ဘူးဆိုတာ မိခင်ဝမ်းထဲက ရေအိတ်တွေထဲမှာ ရှိသင့်တဲ့ ရေပမာဏ မရှိလို့လို့ ပြောတယ်။ ရေအိတ်တွေထဲမှာ ရေနည်းနေတဲ့သဘောပေါ့။ အခုတော့ ပုံမှန်ပါပဲတဲ့။ ပြီးတော့ သားလေးက အလေးချိန် 2.8Kg ရှိနေပြီတဲ့။ ဒါကတော့ လက်ရှိ ကိုယ်ဝန် ၃၆ ပတ်မှာ ရှိရမယ့် ကိုယ်အလေးချိန်ထက် နည်းနည်းများနေပေမယ့် သိပ်အထွားကြီးတော့ မဟုတ်ဘူးလို့ပြောတယ်။ တကယ်မွေးမယ့်အချိန်မှာ သားလေးရဲ့ ကိုယ်အလေးချိန်က အများဆုံး 3.5Kg ပဲ ရှိသင့်တယ်တဲ့။ အဲဒီထက် ထွားနေရင်တော့ ခွဲမွေးရမယ့် သဘောပြောတယ်။ မိခင်ကိုလည်း ကလေးမထွားမှာစိုးလို့ စိုးရိမ်စိတ်နဲ့ အစားအများကြီးမစားဖို့ ပြောတယ်။ ပြီးတော့ လရင့်နေပြီမို့ အခုဆို တပတ်တခါ ပြဖို့အတွက် ရှေ့တပတ် ၁၅ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ ကိုယ်တို့လည်း မွေးခါနီးဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲလို့ မေးတော့ ဘာမှလုပ်စရာမလိုဘူးတဲ့၊ ဆေးရုံက လိုအပ်တာ အကုန်လုပ်ပေးမတဲ့။ ဘာပဲဖြစ်ဖြစ်လေ ကိုယ်ကတော့ အိမ်မှာ ဇနီးသည်ဗိုက်နာရင် ဆေးရုံပြေးတဲ့အခါ ယူသွားမယ့် အထုပ်တော့ အဆင်သင့်ထုပ်ထားတာပါပဲ။ လိုအပ်တဲ့ စောင်၊ သဘက်၊ အင်္ကျီ စသည်ဖြင့်ပေါ့။

အင်း… ဘာလိုလိုနဲ့ သားလေးတောင် ရောက်လာဖို့ နီးလာပါပေါ့။ အခုဆိုရင် ဇနီးသည်လည်း ရုံးက ခွင့်ယူထားပြီမို့ အိမ်မှာပဲ နားနေပြီ။ အိမ်မှာနားတော့လည်း တရက်တရက် ဟိုဟာလေးလုပ်စား၊ ဒီဟာလေး လုပ်စားပေါ့လေ။ သူလည်း ဗိုက်ကြီးတကားကားနဲ့ ချက်၊ ကိုယ်ကလည်း ဒိုင်ခံစားပေါ့။ အော် အမေရောက်နေလို့ ချက်ကျွေးတာလည်း ပါတာပေါ့။း) ဇနီးသည် ချက်ပြုတ်ကျွေးတာတွေ စားရင်းနဲ့ပဲ ကိုယ့်မှာလည်း သားလေးမွေးပြီးရင်ဆိုတဲ့ အတွေး တမျှင်တတန်းနဲ့ ဒီရက်တွေကို ကျော်ဖြတ်နေရတာပေါ့လေ။ သားလေးမေမေ ကျန်းကျန်းမာမာနဲ့ သားလေးကို အဆင်ပြေပြေ မွေးဖွားနိုင်ပါစေ…။

1 comment: