ဒီလောက်လွယ်လွယ် လိုက်လျော
နေတာတောင်မှ
အာသာက မပြေနိုင်သေး
လောကဓံရယ်လေ
ရေနည်းငါးလို ဘ၀ကိုမှ
သဲသဲမဲမဲ တွယ်ကပ်လို့၊
ခြေသလုံးအိမ်တိုင် စိတ်ကူးမြေရိုင်းတွေမှာ
အိမ်မက် “တစ်သက်တာ” လောက် ထွန်ယက်ခဲ့
အသစ်အဆန်းရှုမျှော်ခင်းတွေဆီက
ညစ်ထေထေ အပြုံးတစ်ပွင့်ရခဲ့
အဲဒီမနက်က ကိုယ့်ကိုယ်ကို မှန်ထဲကြည့်မိတော့
မှားယွင်းမှုတို့ ကျင်လည်ပေါက်ဖွားရာ
ရေဆိုးမြောင်း တစ်ခုအဖြစ် မြင်ရ
ခပ်ဖွဖွ ရယ်မောလိုက်ရတယ်၊
အဲဒီအနံ့ဆိုးဆိုး မြောင်းကလေး
အနေအထိုင် မတတ်ပုံက
သူဟာ ကမ္ဘာကြီးကို လှည့်လည်သူ
ပင်လယ်ကူး သင်္ဘောကြီး တစ်စင်းတဲ့၊
ပြီးတော့ ထပ်ပြီး
သူဟာ ဘုရားသခင်ရဲ့ လက်ဖျံရိုး တစ်ချောင်းတဲ့
မြူတစ်မှုန်အစ စကြာဝဠာအဆုံး
ဖန်ဆင်းလိုက်မယ်တဲ့၊
ဒီလောက် တစ်ဘ၀လုံး မီးလောင်နေတာတောင်မှ
သူဟာ ခံစားမှု ၀ါဒီ စစ်စစ်တစ်ယောက်ပါ
ရင်ခုန်တာပဲ ယုံတယ် လို့ စိတ်ကြီးဝင်နေဆဲပေါ့၊
အဆီအငေါ် မတည့်တဲ့
နေ့တွေ ညတွေမှာ
စီးကရက်ဖွာလိုက်
မြင်မြင်ရာ အငေါ်တူးလိုက်
ညည်းညူသံတွေကို ညည်းညူလိုက်နဲ့
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ
သူ့ကို မကြည်ဖြူတဲ့ လောကကြီးထဲ
အရသာရှိရှိ သီးပွင့်ဖို့ပဲ မဟုတ်လား
အဲသလို ဆိုပြီးတော့
ကိုယ့်ကိုယ်ကို သိပ်ကျေနပ်သွားပုံနဲ့
သီချင်းညည်းနေပြန်တယ်၊
အေးအေးလူလူပဲ စီးဆင်းခဲ့
ဒဏ်ရာတွေကို ပုံကြီးချဲ့ဖို့ ဆိုတာက
အရှုံးပေါ် သိပ်လေးနက်ရာ ကျနေမလား၊
မြစ်တစ်စင်းလို နေထိုင်ခဲ့ပြီးမှ
ကွေ့ကောက်မှုကို ယိုးမယ်မဖွဲ့ လိုတော့ပါ။ ။
ဘုန်းသက်ပိုင်
(၂၀၀၇ မတ်လထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။
မူရင်းစာလုံးပေါင်း သတ်ပုံအတိုင်း ဖြစ်ပါသည်။)
Friday, January 30, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment