မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Thursday, January 8, 2009

မေမေ အမှတ်တရ


ဒီနေ့ သတင်းဌာနတခုမှာလုပ်နေတဲ့ သူငယ်ချင်းတယောက်က အမေများနေ့အမှတ်တရ ဝေးကွာနေရတဲ့ အမေနဲ့ပတ်သက်လို့ အမှတ်တရ တခုခုပြောပေးဖို့ တောင်းဆိုလာတာနဲ့ အမှတ်တရ ပြောဖြစ်တယ်။

တကယ်တမ်း ကိုယ်က ငယ်ငယ်တုန်းက မေ့ကို ဒီလောက်ကြီးချစ်တယ်လို့ မခံစားခဲ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေမေက ရိုက်လို့၊ ကြောက်ရလို့လို့ နောက်ပိုင်း ကိုယ့်ဘာသာ ပြန်စဉ်းစားမိတယ်။ ဟုတ်တယ်၊ ကိုယ့်မေမေက အရိုက်ကြမ်းတဲ့မိခင်တယောက် မဟုတ်ပေမယ့် တခါတခါ အလိုမကျရင်တော့ ကောင်းကောင်းတွယ်တတ်တယ်။ ရံဖန်ရံခါ အဆော့မက်နေတာတို့၊ အိမ်အလုပ်မပြီးတဲ့အခါတို့ဆိုရင် အိမ်ရှေ့ထွက်ပြီး နားရွက်ဆွဲ ထိုင်ထလုပ်ရတာတွေ ဘာတွေတောင် ရှိဖူးတယ်။ ကိုယ် မမေ့နိုင်တဲ့ ငယ်ငယ်က အဖြစ်အပျက်တွေထဲမှာ အဲဒီ အိမ်ရှေ့ထွက် နားရွက်ဆွဲပြီး ထိုင်ထလုပ်ခဲ့ရတာတောင် ပါသေး။ ငါးတန်း၊ ခြောက်တန်းအရွယ်ဆိုတော့ ရှက်လည်းရှက်တတ်နေပြီလေ။ ပြီးတော့ ကိုယ်က ငယ်ငယ်က ကြောက်ကလည်း အတော်ကြောက်တတ်တာ။ အဲတော့ ရိုက်ဖို့မပြောနဲ့၊ တခါတလေ တယောက်ယောက်က မျက်လုံးပြူးပြီး အော်လိုက်ရင်တောင် နေစရာမရှိလောက်အောင် ဖြစ်တတ်တယ်။ ဒါတွေနဲ့ပတ်သက်လို့ “ငယ်ပုံရိပ်” ဆိုပြီး ရေးဖို့ စဉ်းစားထားသေးတယ်။ သားလေးကိုလည်း ပြောပြရင်းပေါ့။

နောက်ပိုင်း ကိုယ် အသက်အတော်အတန် ကြီးလာတဲ့အချိန်၊ နည်းနည်းလေးလည်း စဉ်းစားတတ်လာတဲ့အချိန်တွေရောက်မှ (အသက် နှစ်ဆယ်၊ အစိတ် လောက်ကနေ အခုအထိပေါ့) မေမေ့ကို သနားတတ်၊ နားလည်တတ်၊ စာနာတတ်၊ ပိုပြီးလည်း ချစ်တတ်လာတယ်ထင်တယ်။ ကိုယ့်မေမေက သားသမီးတွေအပေါ် တော်တော်ချစ်ရှာတယ်။ အလိုလိုက်ခြင်း၊ မလိုက်ခြင်းကတော့ ဘ၀ အခြေအနေနဲ့လည်း ဆိုင်မယ်ထင်တဲ့အတွက် သိပ်အလိုလိုက်ခြင်းတော့ မခံခဲ့ရဘူး။ ကိုယ်တို့က ငယ်စဉ်ဘ၀ တချို့အချိန်တွေနဲ့ ကျန်ခဲ့တဲ့ ငါးနှစ်၊ ဆယ်နှစ်လောက်အထိက အဆင်မပြေ၊ အတော်ရုန်းကန်ခဲ့ရတာကိုး။ ကိုယ်အတော်အတန်ကြီးတဲ့အထိ ကိုယ့်မေမေက ကိုယ့်ကို အဆင်မပြေတဲ့အကြောင်း မညည်းတွားခဲ့ဖူးဘူး။ ကိုယ်က အိမ်မှာ အငယ်ဆုံးဖြစ်တာလည်း ပါမယ်ထင်တာပဲ။ ရှေ့က အစ်ကိုကြီးနဲ့ အစ်မတို့ကိုတော့ သူ ညည်းရင် ညည်းရှာမှာပေါ့လေ။

အခုကြတော့ ကိုယ်က အဝေးတနေရာမှာ၊ ကိုယ့်မေမေကတော့ မွေးရပ်မြေမှာပဲ ကိုယ့်ဖေဖေ၊ ကိုယ့်အစ်မသားအမိနဲ့ပေါ့။ အခုလို ဝေးနေတဲ့အချိန် တခါတလေ ကိုယ်စိတ်ညစ်ရင်၊ အဆင်မပြေရင်၊ တခြား ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့၊ ပြောပြချင်စိတ်မရှိတဲ့ အခါမျိုးတွေမှာ မေ့ဆီကိုဖုန်းဆက်ပြီး တခုတ်တရ ပြောပြဖြစ်တယ်။ မေမေက ကိုယ့်အတွက် အကောင်းဆုံးနားတစုံကို ပိုင်ဆိုင်တယ်လို့ ကိုယ်ယုံကြည်တယ်။ ပြီးရင် သူစဉ်းစားလို့ရသလောက် ကိုယ့်ကို အကြံဉာဏ်တွေ ပေးတတ်တယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိပါ၊ အဲဒီလို ပြောပြလိုက်ရ၊ ရင်ဖွင့်လိုက်ရတယ်ဆိုရင်ပဲ ကိုယ်လည်း ပေါ့ပါးသွားတတ်တာပဲ။ ပြီးတော့ ကိုယ်တို့တွေ ချစ်တတ်လာအောင်၊ ချစ်တတ်တဲ့စိတ်တွေပေါ်လာအောင် မေမေက သူပိုင်ဆိုင်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နှလုံးသားတစုံနဲ့ ကိုယ်တို့ကို ချစ်ပြတတ်တယ်လို့ ကိုယ်တော့ တွေးမိတယ်။

တကယ်ပါ၊ ခုန သူငယ်ချင်းကို မေမေနဲ့ပတ်သက်ပြီး အဝေးရောက်သားတယောက်ရဲ့ အမှတ်တရ ပြောပြနေတဲ့အချိန်မှာပဲ စိတ်ထဲမှာ လှိုက်ကနဲဖြစ်ပြီး အသံတွေဘာတွေ တုန်ချင်ချင် ဖြစ်မိသေးတယ်။ စိတ်ထဲကလည်း တမ်းတမ်းတတကိုပဲ သတိတရ ဖြစ်လိုက်မိသေးတယ်။

မေမေ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိပါစေ။

No comments:

Post a Comment