ကြည်မောင်သန်း
ဆယ်လမန်ရပ်ရှဒီရယ်
တာဆီလီမာနာဆရင်းရယ်
ကျွန်တော်ရယ်
ကမ္ဘာ့ချောင်ကြိုချောင်ကြားမှာ
စကားဝိုင်းဖွဲ့ဖြစ်ကြတယ်
ကမ္ဘာကြီးထဲမှာ
ကဗျာရွာလေးတည်ချင်လို့
အောက်တာဗီယိုပါ့ဇ်
ဒါမှမဟုတ် ရှေးမာ့စ်ဟေနီကို
သူကြီးတင်မြှောက်ရင်ကောင်းမလား။
လူ့ဘ၀ဆိုတာ
အနက်ရောင်နဲ့ ပုံနှိပ်ခံရတဲ့နေ့တွေချည်းပဲ မဟုတ်ပါဘူး
တစ်ပတ်တစ်ခါ အနီရောင်နဲ့ ပုံနှိပ်ခံရပါသေးတယ်
ကျွန်တော်တို့ မှားချင်လည်းမှားမယ်
အဲဒီလိုကြားထဲက
တစ်ယောက်ဘ၀ကိုတစ်ယောက် ငှားကြည့်မိကြတယ်
အရှိန်ရနေတဲ့ သီချင်းတစ်ပုဒ်ကို
ဇက်ကြိုးမတုန့်လိုက်ပါနဲ့
ကိတ်မုန့်ကိုလှီးတဲ့ဓားဟာ
ကိတ်မုန့်အရသာကို သိစရာမလိုပေမယ့်
လူဖြစ်ခဲ့ရလို့ လူ့ဘ၀အရသာကို မြည်းကြည့်ချင်ပါတယ်
နွားနို့တောင်မှ ချဉ်သွားရင်
ဒိန်ချဉ်ဖြစ်သွားသေးတာပဲ
လူ့ဘ၀ကို ရိုးရိုးသားသားခုံမင်တယ်
အမြှိုက်ရေကြည် နှစ်ပက်လောက်နဲ့
ဟောဒီနေ့တွေကို စွဲချက်မတင်လို
ကျွန်တော် မိခင်တွေကိုကြည်ညိုတယ်
ကလေးတွေကို လေးစားတယ်
စာလုံးပေါင်းအမှားတွေကို ဒီအတိုင်းထားလိုက်ပါတော့
ရထားတွေအော်ကုန်ပြီ
ငှက်တွေအော်ကုန်ပြီ
ဈေးသည်တွေအော်ကုန်ပြီ
မနက်တစ်ခွက်ဖျော်သောက်ဖို့
အိပ်ရာက ငေါက်ခနဲထထိုင်မိပြန်ပေါ့။ ။
(မတ်လ ၂၀၀၇ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှ)
အကျဉ်းထောင်
9 months ago
No comments:
Post a Comment