မနေ့ (Jan 22) က ချိန်းထားတဲ့အတိုင်း ဇနီးသည် ဆေးရုံသွားပြတယ်။ ကိုယ်ဝန်ငါးလပြည့်သွားပြီမို့ ဒီကထုံးစံအတိုင်း ကိုယ်တို့သန္ဓေသားလေး ကိုယ်လက်အင်္ဂါ စုံမစုံ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းမကောင်း၊ Detail Scan လုပ်ရတယ်။ အဲဒီမှာ သားလေးဆိုတာ အသေအချာ သိရတာပဲ။ ကိုယ့်အတွက်ကတော့ ပျော်ရွှင်မှုက အတိုင်းအဆမဲ့ပေါ့။ ကိုယ်က သားလေးလိုချင်တာလေ။ ဒါကလည်း ပြောမယ့်သာ ပြောတာပါ၊ ကိုယ့်ရင်သွေး ဘာပဲဖြစ်ဖြစ် ချစ်ရမှာပါပဲ။ သမီးလေးမွေးရင်လည်း ငယ်ငယ်လေးကတည်းက ဆံပင်ရှည်ထားခိုင်းမယ်၊ နားပေါက်လည်း စောစောစီးစီးကတည်းက ဖောက်ပြီး နားကပ်ကောင်းကောင်းလေး ပန်ပေးမယ်လို့ စိတ်ကူးမိတာနဲ့ ဇနီးသည်ကိုပြောပြတော့ မျက်စောင်းဒဏ်ခံရသေးတယ်။
ဆေးရုံမှာ Scan ဖတ်နေတုန်း ဖတ်ပေးတဲ့ဆရာဝန်မက ဒါက နှလုံး၊ ကျောက်ကပ်၊ ခေါင်း၊ လက်၊ ခြေ၊ ခန္ဓာကိုယ်၊ နောက်ကျောရိုးမကြီး၊ နှုတ်ခမ်း၊ စသည် စသည် ခန္ဓာကိုယ်အစိတ်အပိုင်း တခုချင်းစီ သေသေချာချာဖတ်ပြီး ပြောသွားလိုက်တာ ကိုယ်တွေမှာ ရင်တမမနဲ့ပေါ့။ အဲဒီ screen ကိုကြည့်ပြီး သူပြောတာနားထောင်လိုက်၊ လိုက်ကြည့်လိုက်နဲ့။ တခုကြည့်လိုက် ကောင်းတယ်လို့ပြောလို့ သက်ပြင်းချလိုက်၊ နောက်တခုကြည့်လိုက် ကောင်းတယ်ဆိုမှ သက်ပြင်းချလိုက်နဲ့၊ အတော်တော့ ရင်မောရသား။
အဲဒီမှာ Scan ဖတ်ပြီးတော့ နေ့လယ်ကြတော့ ပြနေကြဆရာဝန်နဲ့ တွေ့ရတယ်။ ဆရာဝန်က Scan Result ကိုကြည့်ပြီး အကျိုးအကြောင်း ရှင်းပြတယ်။ ဒီဟာက ၉၀% တိကျတယ်လို့လည်း ပြောတယ်။ အားလုံး ယေဘုယျအနေနဲ့ ကလေးအနေအထားက ကောင်းတယ်လို့လည်း ပြောတယ်။ ယောက်ျားလေးဆိုတော့ သူတို့ကလည်း Congratulation လုပ်ကြတယ်။ တရုတ်တွေမို့လို့ ယောက်ျားလေးကို ပိုတန်ဖိုးထားသလား မပြောတတ်ပါဘူး။ Congratulation လုပ်လိုက်တာ သုံးလေးခါပဲ။ ပြီးတော့ ကလေးထွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အစားအစာတွေ အရမ်းမစားလို့ ပြောတယ်။ ကလေးက လိုအပ်သည်ထက်ထွားနေရင် မွေးရဖွားရ ခက်လိမ့်မယ်တဲ့။ ပုံမှန်အတိုင်းပဲ စားသောက်ပါတဲ့။ ဇနီးသည်ကိုတော့ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ဖို့ ပြောလိုက်တယ်။ လမ်းလျှောက်၊ ရေကူး စသည်ပေါ့။ ဘာပဲပြောပြော အခုအထိ ကလေးအနေအထားနဲ့ပတ်သက်လို့ ကောင်းတယ်လို့ ကြားရတော့ စိတ်ချမ်းသာရတယ်။ အဲဒါနဲ့ တဆက်တည်းစဉ်းစားမိတာက ကိုယ်တို့ အမေတွေ ကိုယ်တို့ကို မွေးဖွားဖို့ ကိုယ်ဝန်ဆောင်ခဲ့တုန်းက အခုလို Scan လုပ်ရတာလည်းမရှိ၊ ဘာမှမသိ၊ ဘာမှမရှိဘဲ ဒီလိုပဲ မွေးလာခဲ့ကြတာ။ အခု တိုးတက်လာတဲ့ခေတ် အခြေအနေနဲ့၊ နည်းပညာတွေနဲ့ အခုလို သန္ဓေသားကို ကြိုပြီး ကြည့်တာတို့၊ ဘာတို့၊ ဘာတွေ ကွာခြားပြီး ဘာတွေ ထူးခြားလဲ၊ ကိုယ်လည်း တခါတခါစဉ်းစားရင်း ဦးနှောက်ခြောက်မိလေရဲ့။ ဘာပဲဖြစ်ဖြစ်ပါလေ၊ ကိုယ့်ရင်သွေး၊ ကိုယ့်သားသမီးဆိုတဲ့ စိတ်၊ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာနဲ့ အရာရာဟာ လှပနေမယ်လို့တော့ ယုံကြည်စူးနစ်နေမိတယ်။
Friday, January 23, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment