ကြည်မောင်သန်း
ဒါဟာ ဘောလုံးကွင်းပါ
မြင်းစီးပြီး ၀င်ခွင့်မရှိ
ရဟတ်ယာဉ်များဆင်းခွင့်မရှိ
ခြေထောက်အချင်းချင်း
ရင်းရင်းနှီးနှီး ဆက်ဆံကြပါစေ
လူ့ပြည်လူ့ရွာဆိုတာ
အနုပညာလည်း လိုအပ်
အဖျော်ယမကာလည်း လိုအပ်
မြင့်မြတ်ချင်သပဆိုရင်
အားကစားစိတ်ဓာတ်လည်း လိုအပ်သပေါ့
ဒိုင်လူကြီးမရှိတဲ့ကွင်းမှာ
ပင်ပန်းဆင်းရဲစွာ ကစားခဲ့တာ
မိုက်မဲမှုပဲလား
ဟောဒီဘောလုံးပွဲမှာ
ရှေ့တန်းက မကစားရလည်း
ရတဲ့နေရာက ဂိုးအောင်ကန်ခဲ့တယ်
ဒိုင်ညစ်ရင် ပွဲကြမ်းတတ်တယ်
ပြေးရင်းလွှားရင်း
လူကျွံသွားတာမျိုးလည်း ဖြစ်တတ်တာပေါ့
ကျွန်တော့်ကို ဖိစီးမဆုံးဖြစ်နေတာက
အချိန်ပိုဆိုတဲ့ စကားလုံး
အဲဒါကို ကျွန်တော်မုန်းတယ်
ဘယ်တော့များမှလည်း
ကျွန်တော့်ဘ၀ရဲ့ ရွှေတံဆိပ်များရယ်
ပြိုင်ပွဲရဲ့အဆုံးမှာ
အရှုံးအနိုင်ဆိုတာ ရှိကြစမြဲပါ
သမိုင်းရဲ့ ကန်ချက်မှာ
တိုင်ထိပြီးပြန်ထွက်လာတာ ဘယ်တော့မှ မရှိဘူး
ကမ္ဘာဖလားနဲ့ လွဲခဲ့တာပါ
ကမ္ဘာကြီးနဲ့ လွဲခဲ့တာ မဟုတ်ပါဘူး
မေ ၂၀၀၆
သောင်းပြောင်းထွေလာ
Thursday, April 22, 2010
Subscribe to:
Post Comments (Atom)

No comments:
Post a Comment