ကြည်မောင်သန်း
မင်းရဲ့ သမ္မာကျမ်းစာက ‘လေရူးသုန်သုန်’
ငါ့ရဲ့ ပြဋ္ဌာန်းစာအုပ်က ‘ပါရီကျဆုံးခန်း’
မင်းက ဘုရားပန်း မှန်မှန်လဲချင်တယ်
ငါက သတင်းစာ မှန်မှန်ဖတ်ချင်တယ်
မင်းက ဘုရားစင်ကို အလေးထားတယ်
ငါက စာအုပ်စင်ကို ဂရုစိုက်တယ်
နှစ်နှစ်ခြိုက်ခြိုက်
တစ်ယောက်ဘ၀ထဲတစ်ယောက် စိုက်ဝင်ခဲ့
မင်း တွင်းထဲအောင်းပြီး
မင်းခေါင်းစဉ်ကို ငါမေ့လျော့
ငါ့အနာကို ကြည့်ပြီး
ငါ့ မာတိကာကို မင်း နားမလည်
ဒါပေမယ့် တစ်ယောက်အာရုံမှာ
တစ်ယောက် အမြစ်တွယ်ပြီးသား
ခေါ်မကြား အော်မကြား
တစ်ခါတစ်ခါ ငါ စဉ်းစားမိတယ်
လူညံ့တွေလို ငါတို့ မှားခဲ့ပြီလား
ဒဿမနောက်က ကိန်းဂဏန်းတွေလို နောင်တမျိုးနဲ့
ငါ ဟားတိုက်ရယ်မောပစ်လိုက်တယ်
ငါ သောက်ခဲ့တဲ့ ဆေးပေါ့လိပ်တွေက
မင်းအတွက် သီးသန့် အိပ်မက်တွေ
မင်းသောက်နေတဲ့ လက်ဖက်ရည်က
အရည်ဖျော်ထားတဲ့ ငါ့အတ္တ
တစ်နေ့ပြီး တစ်နေ့
ဘယ်ကရောက်လာမှန်း မသိတဲ့ နေ့တွေက
တို့နှစ်ယောက်ကို မမြင်ချင်ယောင်ဆောင်တယ်
တို့နှစ်ယောက်ကလည်း
ကိုယ်ပိုင်ကြမ်းပြင်ပေါ်မှာ လက်မထောင်ပြီးသား
အလင်းရောင် လုံလုံလောက်လောက်မရတာက လွဲရင်ပေါ့
ငါ့ကိုယ်စောင့်နတ်ရဲ့ ၀တ်စုံ မင်းကို ပေးလိုက်ပြီ
မင်းဘ၀ရဲ့ ဥယျာဉ်ထဲမှာ
လိပ်ပြာတစ်ကောင်လို ငါ ကျင်လည်နေမိရဲ့
ပတ်ဝန်းကျင်ဆိုတာ
ငါတို့ကျော်ဖတ်တဲ့ စာမျက်နှာတွေ
နောက်နေ့တွေကတော့ မမြင်ရတဲ့ငါးကို မျှားရသလိုပဲ
ဘာပဲဖြစ်ဖြစ်
ဒီဘ၀မှာတော့ မင်းနဲ့ငါ အမှုတွဲတွေ..။
အောက်တိုဘာ ၂၀၀၆
ဖက်ရှင်
Wednesday, April 14, 2010
Subscribe to:
Post Comments (Atom)

No comments:
Post a Comment