မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Tuesday, April 6, 2010

အသည်းစွဲ ကဗျာဆရာ ၁၄

အောင်ချိမ့်

ရှေ့ကဆရာများ
အလင်္ကာများ၊ ကဗျာပုလဲကုံးများ၊ ဖန်မီးအိမ်များ
လကွယ်ညများ၊ ဧရာဝတီမှ ဒုဋ္ဌာဝတီများ
မန္တလေးမြို့၏မနက်ခင်းများ
ဘတ်သီးများလို လင်းခဲ့ဘိ။
သို့မဟုတ် မီးချောင်းလို လင်းခဲ့၏။
[ မီးချောင်းဆိုလို့ အဲဒီခေတ်တုန်းက
မီးချောင်းဖွင့်လိုက်ရင် တန်းမလင်းဘူး။
ဖျပ်ဖျပ်၊ ဖျပ်ဖျပ်၊ ဖျပ်ဖျပ်
မျက်တောင်ခတ်ပြီးမှ လင်းတာ
သတိရခြင်း မှတ်ဉာဏ်တွေလိုပါ။ ]

ငါတို့ခေတ်၏ ဂျွန်မိုးရေများ၊ သစ်ရွက်အသေများ
ဂန္ထ၀င်မမများ၊ မောင်ချောနွယ်အတုများ
ဒီပရက်ရှင်မီးခိုးများ၊ အမှုန်အမွှားကင်းစင်တဲ့လက်ဆောင်များ
အခုန်များ
ဖော်ဝေးငှက်များ
အခြား ကဗျာလုံးချင်းများ
ခပ်တည်တည်ပဲ ရှိခဲ့တယ်။
ခပ်တည်တည်ပဲ နေခဲ့တယ်။

ဒီဘက်နှစ်များမှာ ကျွန်တော့်ကဗျာများ
ကျွန်တော့်ကဗျာလုံးချင်းများ
ကျွန်တော့် အသက်အရွယ်လို
ပိုတိုး ပိုများလာပါတယ်။

ကျွန်တော့် ကဗျာတစ်ပုဒ်ဟာ
တစ်ကြောင်းမျှ၊ နှစ်ကြောင်းမျှ၊ ၁၄, ၅ ကြောင်းမျှ။
ကျွန်တော့်ကဗျာလုံးချင်းတစ်အုပ်ဟာ
၁၀ ပုဒ်မျှ။ ၁၂ ပုဒ်မျှ။ ၂၅ ပုဒ်မျှ။

အဲသလို။ အဲသလောက်မျှ
ကျွန်တော် နှစ် ၄၀ ကျော် ရေးခဲ့ရတာပဲ။

ခပ်သလောက် မပါရင်
ပါသလောက် ခပ်ပါတော့။

ကဗျာတစ်ပုဒ်ဟာ ကျွန်တော်တို့ရေးတဲ့အခါ
ခန္ဓာရုပ်နာမ် နှစ်ပါး အားသွန်
လေးနက် အရေးကြီးပစေ
ဖတ်သူ၏ သဘောသကာယ မျှသာ။ ။

No comments:

Post a Comment