မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Thursday, February 12, 2009

ငယ်ပုံရိပ်နဲ့ သားလေးအတွက် အတွေး-၁

သားလေးမွေးလာရင် ကိုယ်ငယ်ငယ်က ကြုံခဲ့ရတဲ့ နေမှုထိုင်မှုပုံစံ၊ စိတ်ခံစားချက် အဲဒါတွေထဲက ကောင်းတာလေးတွေယူပြီး မကောင်းတာတွေကို သူ မကြုံတွေ့၊ မခံစားနိုင်စေဖို့ ကြိုးစားတည်ဆောက်ပေးမယ်လို့ စဉ်းစားထားတယ်။

ကိုယ်က မိသားစုထဲမှာ အငယ်ဆုံး၊ ကိုယ်တို့မောင်နှမတွေက ပျှမ်းမျှ ၂ နှစ်ကြီး၊ ၂ နှစ်ငယ်တွေ။ ဒါပေမယ့် ကိုယ့်အကြီးဆုံး အစ်ကိုကြီးနဲ့ ကိုယ်နဲ့က ၇ နှစ်ကွာတာဆိုတော့ ကြားထဲက တနှစ် ဘယ်ပျောက်သွားလဲ ကိုယ်လည်း မစဉ်းစားတတ်ဘူး။း) ကိုယ့်အထက်က ကိုယ်တို့မောင်နှမထဲမှာ တဦးတည်းသော မိန်းကလေး၊ ကိုယ့်အစ်မ။ သူက ကိုယ့်ထက် ၂ နှစ်ကြီးတယ်။ အစ်ကိုလတ်ကတော့ ကိုယ်တို့ ငယ်ငယ်လေးထဲက ဆုံးသွားတော့ သူနဲ့ပတ်သက်တာတွေက ရေးတေးတေးပဲ မှတ်မိတော့တယ်။ အထက်အောက် မောင်နှမတွေ နီးစပ်ကြတဲ့ ထုံးစံအတိုင်း ကိုယ်နဲ့ကိုယ့်အစ်မကလည်း ငယ်ငယ်က အတူတူဆော့ဖက်၊ ကျောင်းသွားဖက်၊ သူနဲ့ပဲ အနီးစပ်ဆုံးလို ဖြစ်တာပေါ့။

ကိုယ့်အဖေနဲ့ အမေက ၀န်ထမ်းတွေဆိုတော့ မိုးလင်းတာနဲ့ အလုပ်သွား၊ ညနေစောင်းမှ ပြန်ရောက်ကြတယ်။ အများအားဖြင့်တော့ အမေက စောပြီးပြန်ရောက်တာ များပါတယ်။ အဖေကတော့ လမ်းမှာ သူ့အပေါင်းအသင်းတွေနဲ့ ထိုင်ရင်ထိုင်၊ ဒါမှမဟုတ် သူ့တပည့်သားချင်းများက ပြုစုတာနဲ့ တခွက်တဖလား မော့ပြီးမှပဲ ပြန်လာတာများတယ်။ ညနေ မိဘတွေ ပြန်မရောက်ခင် အိမ်အလုပ်တွေကို အလှည့်ကျ လုပ်ရလေ့ရှိတယ်။ ကိုယ်တို့ အတော်ငယ်သေးတဲ့ အချိန်တုန်းကတော့ အများအားဖြင့် အစ်ကိုကြီးပဲ လုပ်ရတာ များပါတယ်။ ရေခပ်၊ ကြမ်းတိုက်၊ ထမင်းအိုး၊ ရေနွေးအိုးတည်၊ စသည်ပေါ့။ ကိုယ် ငါးတန်း ခြောက်တန်းလောက်ရောက်တော့ ရေခပ်၊ ကြမ်းတိုက် စသည် တချို့အိမ်အလုပ်တွေကို ခွဲတမ်းနဲ့လုပ်ရတယ်။ မီးဖိုချောင်အလုပ်ကတော့ အစ်ကိုကြီးနဲ့ အစ်မ လုပ်ရတယ်။

မနက် အလုပ်မသွားခင် အမေက ဒီနေ့ ဘယ်သူဘာလုပ်ရမယ်ဆိုတာ ခွဲတမ်းချပေးလေ့ရှိတယ်လို့ မှတ်မိနေတယ်။ ညနေပြန်လာလို့ ကိုယ့်အလုပ် ကိုယ်ပြီးအောင် မလုပ်ထားရင်တော့ အမေ့ရဲ့လက်သံနဲ့ တွေ့ပြီသာမှတ်။ ကလေးဆိုတော့ တခါတလေ အဆော့မက်ရင်း မလုပ်မိတာ၊ နောက်ကျသွားတဲ့အခါလည်း ရှိတာပေါ့။ ရေခပ်ရတာကလည်း အိမ်နဲ့ နည်းနည်းလှမ်းတော့ တခါတလေ ပျင်းပြီး မလုပ်ဖြစ်တာ ရှိတတ်သေးတယ်။ အဲဒါဆိုရင်တော့ အနွှာခံရပြီသာမှတ်။

ကိုယ်ငယ်ငယ်က အတော်ကြောက်တတ်တာ။ ညမှောင်ရင် အပြင်မထွက်ရဲတာ၊ ခွေးဟောင်သံကြားရင် ကြောက်တာ၊ တယောက်တည်း မအိပ်ရဲတာ၊ ကြောက်တတ်တာတော့ စုံနေတာပဲ။ တခါတလေ အိမ်မှာ အကြောင်းကိစ္စတခုခုနဲ့ မောင်နှမတွေ အနွှာခံရပြီဆိုရင် ကိုယ့်မှာ ကြောက်လို့ ချောင်လေးထဲမှာ ကုပ်၊ မျက်လုံးပြူးပြီး တယောက်တည်း မျက်ရည်တွေ ကျနေတတ်တာ။ ဒါတောင် ကိုယ်တိုင် အရိုက်ခံရတာ မဟုတ်သေးဘူး။ ကိုယ့်ထက်အကြီးတွေ အရိုက်ခံရတာ ကြည့်ပြီးတော့ကို ကြောက်နေတတ်တာ။ အဲဒါကြောင့်ပဲ ထင်ပါရဲ့ တော်ရုံတန်ရုံ ရိုက်ချင်တာတောင် ကြည့်ပြီး သနားသွားလို့ အရိုက်လွတ်သွားတဲ့အခါတွေ ရှိခဲ့ဖူးတယ်။း) ကိုယ့်အဖေကလည်း ငယ်ငယ်က လက်သံပြောင်တဲ့အထဲမှာ ပါတယ်။ အများဆုံးခံရတာတော့ အစ်ကိုကြီးပေါ့။ အော် အကြီးဆုံးဆိုတော့ ကောင်းရင်လည်း အရင်စံ၊ မကောင်းရင်လည်း အရင်ခံပဲပေါ့လေ။

နောက် အမေကလည်း ကိုယ်တို့ကိုပြောထားတာ၊ လူကြီးတွေ စကားပြောရင် ၀င်မရှုပ်ရဘူး၊ ၀င်မပြောရဘူး၊ ကိုယ့်ဘာသာနေ၊ ဆူညံဆူညံ မလုပ်ရ၊ စသည်အားဖြင့် စုံနေတာပါပဲ။ ကိုယ်ထင်တာတော့ ကလေးဘ၀မှာ ကိုယ်တွေအတွက် ပညတ်ချက်တွေက များခဲ့သလားမသိဘူး။ ဟိုမသွားရ၊ ဒီမလာရ၊ ဟိုဟာမလုပ်ရ၊ ဒီဟာမကိုင်ရ၊ ဒီအချိန်မှာ ဒါလုပ်၊ ဒီအချိန်မှာ ဒါပြီးရမယ်၊ ကိုယ့်ထက်ကြီးတဲ့လူကို ပြန်ခံမပြောရ၊ စသည်အားဖြင့် အတော်များပုံရတယ်။ အဲဒီအတွက်ထင်ပါရဲ့၊ ကိုယ်က အတော်ကြီးတဲ့အထိ တော်ရုံဆို မပြောရဲ၊ မဆိုရဲ၊ မသွားရဲ၊ မလာရဲ၊ တခုခုဆို ဘာမှမလုပ်ရသေးဘူး စိုးရွံ့စိတ် များနဲ့၊ ငယ်ဘ၀က တချို့ နေမှုထိုင်မှု၊ ကြုံတွေ့ခဲ့ရမှုတွေက ကြီးတဲ့အထိ လာရိုက်ခတ်ပုံရတယ်။ တခါတခါ အဲဒါတွေ ပြန်တွေးမိပြီး အော် သားလေးဆိုရင်တော့ အဲဒီလိုတွေ မဖြစ်အောင်၊ မခံစားရအောင် ကြိုးစားမယ်လို့ တွေးမိတယ်။

No comments:

Post a Comment