ဇနီးသည်ကိုယ်ဝန်က အခု ၁၆ ပတ်ကျော်သွားပြီ။ အရင်ပြနေကြ ဆရာဝန်နဲ့ အဆင်မပြေလို့ ဆရာဝန်ပြောင်းပြဖို့ စီစဉ်နေတုန်းပဲရှိသေးတယ်။ အရင်ပြခဲ့တဲ့ဆရာဝန်က သူ့ဘက်က ဖြစ်စေချင်တာ၊ လုပ်စေချင်တာတွေပဲ ပြောတယ်။ ကိုယ်တို့ဘက်ကို နားလည်ပြီး ညှိနှိုင်းခွင့်မပေးတာနဲ့ပဲ သူနဲ့ ဆက်မပြဖို့ ဆုံးဖြတ်လိုက်တာ။ တကယ်က ဒီမှာမွေးရင် ကုန်ကျစရိတ်များလွန်းလို့ ကိုယ်တို့က ပြန်မွေးမယ်လို့စိတ်ကူးတယ်။ အဲဒီအတွက် ဇနီးသည်က သူ့ရုံးမှာ လိုအပ်တဲ့ ခွင့်တင်တဲ့ကိစ္စ ဘာညာ လုပ်ထားပြီးပြီ။ ပြန်ချင်တာက မေလဆန်းမှ၊ ဒါပေမယ့် ဆရာဝန်က မတ်လထဲမှာပြန်ခိုင်းတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ရက်နည်းနည်း အတိုးအလျှော့လုပ်ဖို့လည်း ပြောလို့မရတာနဲ့ ဆရာဝန်ပြောင်းပြဖို့ ဆုံးဖြတ်လိုက်တာ။
ကျန်ခဲ့တဲ့ စနေနေ့ကတော့ ဇနီးသည်ရဲ့မိတ်ဆွေ ကိုယ်ဝန်ဆောင်တယောက် ပြနေတဲ့ Thomson Women Clinic ကို အဲဒီမိတ်ဆွေနဲ့ သွားစုံစမ်းသေးတယ်။ အဲဒါလည်း သိပ်စိတ်တိုင်းမကျတာနဲ့ နောက်တနေရာ ထပ်စဉ်းစားရတယ်။ ကိုယ်တို့ဆီကလိုဆိုရင် ကလေးဆေးရုံကြီးလိုဟာမျိုး၊ ဒီမှာရှိတဲ့ KK Women and Children Clinic မှာ ပြဖို့ ယာယီစဉ်းစားထားတယ်။ ရှေ့လာမယ့် ၂၉ ရက်နေ့ သွားကြည့်မယ်လို့ ဇနီးသည်နဲ့ တိုင်ပင်ထားတယ်။ ရှေ့အပတ်ထဲမှာ ဇနီးသည်က သူ့ရုံးက Annual Leave ယူထားတယ်ဆိုတော့ အဲဒီကြမှပဲ အေးအေးဆေးဆေးပြတော့မယ်လို့ စိတ်ကူးတာ။
လာမယ့်စနေနေ့ (၂၇) ရက်နေ့ဆိုရင် ကိုယ့်ချစ်ဇနီးလေးရဲ့ မွေးနေ့လေ။ အဲဒီနေ့တော့ သူငယ်ချင်း မိတ်ဆွေတွေဖိတ်ပြီး အိမ်မှာ တခုခုကြွေးဖို့ စီစဉ်ထားသေးတယ်။ သူငယ်ချင်းတွေနဲ့လည်း မတွေ့ရတာကြာ၊ မွေးနေ့အမှတ်တရလည်း ဖြစ်ပေါ့။ ကိုယ်ကတော့ အိုးသူကြီးလုပ်ရမယ်ထင်တယ်။ ဆိတ်သားနှပ်ရယ်၊ ပဲနှပ်ရယ်၊ ပုစွန်ဆီပြန်ရယ်၊ ငါးပိရေ၊ တို့စရာအစုံ ကျွေးမယ်လို့ စိတ်ကူးထားတယ်။
ဒီတလော ဇနီးသည်လည်း အရင်ဖြစ်ဖူးတဲ့ ခြေထောက်နာတာ ပြန်ဖြစ်နေတယ်။ မနက်က ရုံးသွားဖို့တောင် လမ်းမလျှောက်နိုင်လို့ ကိုယ် ရုံးအထိလိုက်ပို့လိုက်ရတယ်။ ပြီးခဲ့တဲ့အပတ်က ဆေးခွင့်ယူထားတာနဲ့ လာမယ့်အပတ်လည်း ခွင့်တွေယူဖို့ တင်ထားပြီးသားဆိုတော့ ဒီအပတ် ခွင့်မယူချင်တာနဲ့ ဇနီးသည်လည်း အောင့်အည်းပြီး ရုံးကိုရောက်အောင် သွားရရှာတယ်။ ညနေပြန်ရင်လည်း လာကြိုမယ်လို့ ပြောထားတယ်။
အဲဒီလိုမျိုး ထိုင်းမှာဖြစ်တုန်းကတော့ ဆေးခန်းသွားပြပြီး ဆေးခန်းကပေးတဲ့ သောက်ဆေးတမျိုးသောက်လိုက်တာ တော်တော်သက်သာသွားတယ်။ အဲဒီတုန်းကတော့ ကိုယ်ဝန်မရှိသေးဘူး။ အခုတော့ ကိုယ်ဝန်နဲ့ဆိုတော့ ဆေးတွေလည်း ရမ်းမသောက်၊ ရမ်း မလိမ်းရဲဘူး။ ကိုယ်က ညနေဆေးလိမ်းပေးမယ်ဆိုတော့လည်း ဇနီးသည်က ဆေးအပူတွေလိမ်းရင် အထဲက ကလေးကို ထိခိုက်မှာစိုးလို့ မလိမ်းချင်ဘူးတဲ့။ အော် မိခင်မေတ္တာများ၊ အပြင်တောင်မရောက်သေးတဲ့ ကိုယ့်ရင်သွေးအတွက် ပူပင်ရရှာတာ။ သနားပါတယ်၊ ကိုယ့်ဇနီးလေး။ ကိုယ်လည်း သူခံစားနေရတာတွေ အမြန်ပျောက်ကင်းစေဖို့ ဆုတောင်းနေရတယ်။ ဖြစ်နိုင်ရင် ကိုယ်ပဲ ခံစားချင်လိုက်တော့တာပါပဲ။
Monday, December 22, 2008
ဇနီးသည်ကိုယ်ဝန် ၁၆ ပတ်ရှိပြီ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment