မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Thursday, May 6, 2010

တောင်အမေရိကကို သွားချင်တယ်

ကြည်မောင်သန်း

စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…

အောက်တိုဗီယိုပါ့ဇ်ရဲ့ ကဗျာတွေ၊
အက်ဆေးတွေကို သဘောကျလို့
ဂျော်ဂျီယာအိုကဖီးရဲ့
ပန်းချီကားတွေကို သဘောကျလို့
ကာလို့စ်ဆန်တားနားရဲ့
ဂစ်တာသံကို သဘောကျလို့…

စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…

ချေဂွေဗားရားကျဆုံးခဲ့တဲ့
ဘိုလီးဗီးယားတောတွင်းတစ်နေရာကို
သွားကြည့်ချင်တယ်
မက္ကဆီကိုစီးတီးက ကဖေးတစ်ခုမှာ
ဂါစီယားကွက်ဇ်နဲ့
အထီးကျန်နှစ်တစ်ရာအကြောင်း မေးကြည့်ချင်တယ်
ဗြူနိုအေရီမှာ မာရာဒိုနာနဲ့တွေ့ပြီး
လာမယ့် ကမ္ဘာ့ဖလားအကြောင်း
စကားကောင်းမယ်…
မက်ဒရစ်ရောက်ရင် နီရူဒါနေခဲ့တဲ့အိမ်ကို
လိုက်ရှာမယ်
ပြီးတော့… သူ့ရဲ့ကဗျာတွေ ပြန်ဖတ်မယ်
ဗင်နီဇွဲလားက ရေနံတွင်းအလုပ်သမားတွေနဲ့
ဗျစ်ရည်ခါးခါးကို အတူသောက်မယ်
ရီယိုမြို့က ကပွဲရုံတွေမှာ
ကချေသည်မတွေရဲ့ ဆမ်းဘားအကကြည့်မယ်

ပီရူးရွှေတွင်းက အလုပ်သမားကဗျာဆရာတွေနဲ့
ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း ဆွေးနွေးချင်တယ်
ရီယိုဒီဂျနေရိုက မူလတန်းကျောင်းတွေမှာ
ဘရာဇီးကလေးတွေ ဘောလုံးကစားတာ သွားကြည့်မယ်
ဟာဗားနားမှာ ဟာဗားနားဆေးပြင်းလိပ်ကိုခဲပြီး
ဂလိုရီယာအိစ်ဖန်းရဲ့ သီချင်းတွေနားထောင်မယ်…

စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…

ကိုလံဘီယာရောက်ရင် မာဖီးယားတွေကို
သေသွားတဲ့ သူငယ်ချင်းဆေးသမားတွေအကြောင်း ပြောပြမယ်…

စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…

ဂျနီဖာလိုပက်ဇ်ရေ…
ငါ့ကို လေယာဉ်လက်မှတ် မြန်မြန်ဝယ်ပို့လိုက်ပါတော့။

ဒီဇင်ဘာ ၂၀၀၅
ရနံ့သစ်

No comments:

Post a Comment