မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Wednesday, April 28, 2010

၁၁ လ ပြည့်တော့မယ့် သားသားလေး

ရေချိုးပြီးလို့ သနပ်ခါး အဖွေးသားနဲ့

ရေချိုးခါနီး သားသားလေး

စင်ကာပူ ဆန်ဘာဝမ်း သင်္ကြန်ပွဲ သွားနွှဲမလို့

အဖေ့ကုလားထိုင်ပေါ်မှာ

East Coast မြက်ခင်းပြင်ပေါ်မှာ

မနက်ဖြန်မှ ငါ့ကိုဖတ်ပါ

ကြည်မောင်သန်း

ဟောဒီ သက္ကရာဇ်တွေဟာ
ငါ မစားခဲ့ရတဲ့ စပျစ်သီးတွေပါပဲ
ဒါပေမယ့် ချဉ်တယ်လို့ ဘယ်တော့မှ မထင်ပါဘူး

အရေပြားပေါ်က ကိစ္စတွေနဲ့ပဲ ဗျာများနေတော့
အရေပြားအောက်ကို ရောက်အောင်မသွားမိဘူး
ပျက်ကျသွားတဲ့ကလေးတွေကို
နာမည်ပေးဖို့ကြိုးစားမိတာ ငါ့အမှားပါ။
ဖျော်သောက်မိတဲ့အချိန်တွေကလည်း
မချိုမြိန်ဘူး
ကျိန်စာတစ်ခုလို
လွင့်လာတဲ့ဘ၀တစ်ခုထဲမှာ
အရသာတစ်ခုခုပါလေမလား
ဒါလည်း မသေချာပြန်ဘူး
တစ်ယောက်က
မီးပြတိုက်ပေါ်က ခုန်ချမလို့တဲ့
တစ်ယောက်က
ပင်လယ်ကူးသင်္ဘောပေါ်မှာ တွင်းတူးပြီးမိုက်မလို့တဲ့
တစ်ယောက်က
မိန်းမတစ်ယောက်ကို ခရီးဦးကြိုလုပ်မလို့တဲ့

ခြေထောက်ကျိုးသွားလို့ အသတ်ခံရတော့မယ့်
မြင်းတစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့ ငါ့ကိုမကြည့်ပါနဲ့ကွာ
ဆံပင်တွေမီးလောင်တာကို
တံတွေးထွေးပြီး ငြိမ်းလို့မရပါဘူး

ခုတော့ စာအုပ်စင်ပေါ်မှာ ငြိမ်ကုပ်နေတဲ့
စာအုပ်တစ်အုပ်ဟာ ငါ။

ဧပြီ ၂၀၀၆
Beauty Max

Thursday, April 22, 2010

မအောင်မြင်သေးတဲ့ ဘောလုံးသမားတစ်ယောက်အကြောင်း

ကြည်မောင်သန်း

ဒါဟာ ဘောလုံးကွင်းပါ
မြင်းစီးပြီး ၀င်ခွင့်မရှိ
ရဟတ်ယာဉ်များဆင်းခွင့်မရှိ
ခြေထောက်အချင်းချင်း
ရင်းရင်းနှီးနှီး ဆက်ဆံကြပါစေ

လူ့ပြည်လူ့ရွာဆိုတာ
အနုပညာလည်း လိုအပ်
အဖျော်ယမကာလည်း လိုအပ်
မြင့်မြတ်ချင်သပဆိုရင်
အားကစားစိတ်ဓာတ်လည်း လိုအပ်သပေါ့

ဒိုင်လူကြီးမရှိတဲ့ကွင်းမှာ
ပင်ပန်းဆင်းရဲစွာ ကစားခဲ့တာ
မိုက်မဲမှုပဲလား

ဟောဒီဘောလုံးပွဲမှာ
ရှေ့တန်းက မကစားရလည်း
ရတဲ့နေရာက ဂိုးအောင်ကန်ခဲ့တယ်
ဒိုင်ညစ်ရင် ပွဲကြမ်းတတ်တယ်
ပြေးရင်းလွှားရင်း
လူကျွံသွားတာမျိုးလည်း ဖြစ်တတ်တာပေါ့
ကျွန်တော့်ကို ဖိစီးမဆုံးဖြစ်နေတာက
အချိန်ပိုဆိုတဲ့ စကားလုံး
အဲဒါကို ကျွန်တော်မုန်းတယ်
ဘယ်တော့များမှလည်း
ကျွန်တော့်ဘ၀ရဲ့ ရွှေတံဆိပ်များရယ်
ပြိုင်ပွဲရဲ့အဆုံးမှာ
အရှုံးအနိုင်ဆိုတာ ရှိကြစမြဲပါ

သမိုင်းရဲ့ ကန်ချက်မှာ
တိုင်ထိပြီးပြန်ထွက်လာတာ ဘယ်တော့မှ မရှိဘူး

ကမ္ဘာဖလားနဲ့ လွဲခဲ့တာပါ
ကမ္ဘာကြီးနဲ့ လွဲခဲ့တာ မဟုတ်ပါဘူး

မေ ၂၀၀၆
သောင်းပြောင်းထွေလာ

Wednesday, April 14, 2010

အိမ်ထောင်ရေး အစီရင်ခံစာ

ကြည်မောင်သန်း

မင်းရဲ့ သမ္မာကျမ်းစာက ‘လေရူးသုန်သုန်’
ငါ့ရဲ့ ပြဋ္ဌာန်းစာအုပ်က ‘ပါရီကျဆုံးခန်း’
မင်းက ဘုရားပန်း မှန်မှန်လဲချင်တယ်
ငါက သတင်းစာ မှန်မှန်ဖတ်ချင်တယ်
မင်းက ဘုရားစင်ကို အလေးထားတယ်
ငါက စာအုပ်စင်ကို ဂရုစိုက်တယ်
နှစ်နှစ်ခြိုက်ခြိုက်
တစ်ယောက်ဘ၀ထဲတစ်ယောက် စိုက်ဝင်ခဲ့
မင်း တွင်းထဲအောင်းပြီး
မင်းခေါင်းစဉ်ကို ငါမေ့လျော့
ငါ့အနာကို ကြည့်ပြီး
ငါ့ မာတိကာကို မင်း နားမလည်
ဒါပေမယ့် တစ်ယောက်အာရုံမှာ
တစ်ယောက် အမြစ်တွယ်ပြီးသား
ခေါ်မကြား အော်မကြား
တစ်ခါတစ်ခါ ငါ စဉ်းစားမိတယ်
လူညံ့တွေလို ငါတို့ မှားခဲ့ပြီလား
ဒဿမနောက်က ကိန်းဂဏန်းတွေလို နောင်တမျိုးနဲ့
ငါ ဟားတိုက်ရယ်မောပစ်လိုက်တယ်
ငါ သောက်ခဲ့တဲ့ ဆေးပေါ့လိပ်တွေက
မင်းအတွက် သီးသန့် အိပ်မက်တွေ
မင်းသောက်နေတဲ့ လက်ဖက်ရည်က
အရည်ဖျော်ထားတဲ့ ငါ့အတ္တ
တစ်နေ့ပြီး တစ်နေ့
ဘယ်ကရောက်လာမှန်း မသိတဲ့ နေ့တွေက
တို့နှစ်ယောက်ကို မမြင်ချင်ယောင်ဆောင်တယ်
တို့နှစ်ယောက်ကလည်း
ကိုယ်ပိုင်ကြမ်းပြင်ပေါ်မှာ လက်မထောင်ပြီးသား
အလင်းရောင် လုံလုံလောက်လောက်မရတာက လွဲရင်ပေါ့
ငါ့ကိုယ်စောင့်နတ်ရဲ့ ၀တ်စုံ မင်းကို ပေးလိုက်ပြီ
မင်းဘ၀ရဲ့ ဥယျာဉ်ထဲမှာ
လိပ်ပြာတစ်ကောင်လို ငါ ကျင်လည်နေမိရဲ့
ပတ်ဝန်းကျင်ဆိုတာ
ငါတို့ကျော်ဖတ်တဲ့ စာမျက်နှာတွေ
နောက်နေ့တွေကတော့ မမြင်ရတဲ့ငါးကို မျှားရသလိုပဲ
ဘာပဲဖြစ်ဖြစ်
ဒီဘ၀မှာတော့ မင်းနဲ့ငါ အမှုတွဲတွေ..။

အောက်တိုဘာ ၂၀၀၆
ဖက်ရှင်

Thursday, April 8, 2010

ငါလည်းတနေ့

ကြည်မောင်သန်း

ချောင်းရိုက်ခံရတာကို
ဘယ်လိုလက်တုံ့ပြန်မှာလဲ
လောကဓံဆိုတာ ဒီလိုပါပဲ
စိတ်အားငယ်စရာတွေကြားမှာ
ပြက်ရယ်ပြုစကားပြောတတ်သူ
ငြိတွယ်စိတ်ကြီးမား
အားသွန်ခွန်စိုက်လွမ်းရတာလည်း
အရသာတစ်မျိုးပါပဲ
တစ်ယောက်ပြီးတစ်ယောက်
နောက်တစ်ယောက်
နေ့ခင်းကြောင်တောင်
လင်းလင်းချင်းချင်းကြီးထဲ ပျောက်ကွယ်
ဘယ်ရောက်ကုန်ပြီလဲ

တစ်ယောက်နဲ့တစ်ယောက် နှုတ်မဆက်နိုင်ခဲ့
နေ့စဉ်နဲ့အမျှ
ဆက်ဆံနေရတာက
လူရွှင်တော်တွေ
လူပြက်တွေ
ခက်ခက်ခဲခဲရယ်မောခဲ့ရ
ခြေကုန်လက်ပန်းကျ

နောက်ဆုံးခရီး
ခေါင်းတိုင်က မီးခိုးတွေ
‘လေပြင်းထဲက ဖယောင်းတိုင်’ ပြောပြော
‘လေပြင်းထဲက ဖုန်မှုန့်..’ ပြောပြော
ပြာကျခဲ့တာ
သေချာပါတယ်။ ။

အောက်တိုဘာ ၂၀၀၆
မဟေသီ

Tuesday, April 6, 2010

အသည်းစွဲ ကဗျာဆရာ ၁၅

အောင်ချိမ့်

ဤတွင်ရွေ့
‘အသည်းစွဲကဗျာဆရာ’ ပြီး၏။ ။
ဒန်တန့်ဒန် . . .

အသည်းစွဲ ကဗျာဆရာ ၁၄

အောင်ချိမ့်

ရှေ့ကဆရာများ
အလင်္ကာများ၊ ကဗျာပုလဲကုံးများ၊ ဖန်မီးအိမ်များ
လကွယ်ညများ၊ ဧရာဝတီမှ ဒုဋ္ဌာဝတီများ
မန္တလေးမြို့၏မနက်ခင်းများ
ဘတ်သီးများလို လင်းခဲ့ဘိ။
သို့မဟုတ် မီးချောင်းလို လင်းခဲ့၏။
[ မီးချောင်းဆိုလို့ အဲဒီခေတ်တုန်းက
မီးချောင်းဖွင့်လိုက်ရင် တန်းမလင်းဘူး။
ဖျပ်ဖျပ်၊ ဖျပ်ဖျပ်၊ ဖျပ်ဖျပ်
မျက်တောင်ခတ်ပြီးမှ လင်းတာ
သတိရခြင်း မှတ်ဉာဏ်တွေလိုပါ။ ]

ငါတို့ခေတ်၏ ဂျွန်မိုးရေများ၊ သစ်ရွက်အသေများ
ဂန္ထ၀င်မမများ၊ မောင်ချောနွယ်အတုများ
ဒီပရက်ရှင်မီးခိုးများ၊ အမှုန်အမွှားကင်းစင်တဲ့လက်ဆောင်များ
အခုန်များ
ဖော်ဝေးငှက်များ
အခြား ကဗျာလုံးချင်းများ
ခပ်တည်တည်ပဲ ရှိခဲ့တယ်။
ခပ်တည်တည်ပဲ နေခဲ့တယ်။

ဒီဘက်နှစ်များမှာ ကျွန်တော့်ကဗျာများ
ကျွန်တော့်ကဗျာလုံးချင်းများ
ကျွန်တော့် အသက်အရွယ်လို
ပိုတိုး ပိုများလာပါတယ်။

ကျွန်တော့် ကဗျာတစ်ပုဒ်ဟာ
တစ်ကြောင်းမျှ၊ နှစ်ကြောင်းမျှ၊ ၁၄, ၅ ကြောင်းမျှ။
ကျွန်တော့်ကဗျာလုံးချင်းတစ်အုပ်ဟာ
၁၀ ပုဒ်မျှ။ ၁၂ ပုဒ်မျှ။ ၂၅ ပုဒ်မျှ။

အဲသလို။ အဲသလောက်မျှ
ကျွန်တော် နှစ် ၄၀ ကျော် ရေးခဲ့ရတာပဲ။

ခပ်သလောက် မပါရင်
ပါသလောက် ခပ်ပါတော့။

ကဗျာတစ်ပုဒ်ဟာ ကျွန်တော်တို့ရေးတဲ့အခါ
ခန္ဓာရုပ်နာမ် နှစ်ပါး အားသွန်
လေးနက် အရေးကြီးပစေ
ဖတ်သူ၏ သဘောသကာယ မျှသာ။ ။

Monday, April 5, 2010

အသည်းစွဲ ကဗျာဆရာ ၁၃

အောင်ချိမ့်

မနက် ၂ နာရီမှာ ထ
မနက် ၂ နာရီမှာ ထ . . .
မနက် ၂ နာရီမှာ မထချင်လျှင်
မနက် ၂ နာရီမှာ ထ ။ ။

အသည်းစွဲ ကဗျာဆရာ ၁၂

အောင်ချိမ့်

တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
အရင်က တစ်မိနစ် အတိုင်းသာ။

တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
Next, Next ပဲ နှိပ်ကာ နှိပ်ကာ။

တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
ကျွန်တော် ဒီနေ့အပန်းဖြေသီချင်းနားထောင်မှု အဆင်မပြေလှပါ။