မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Tuesday, June 30, 2009

တလသား အဂ္ဂဘုန်း

ဒီနေ့ သားသား တလပြည့်ပြီ

တလပြည့်လို့ ဘွားဘွားကြီးက ကတုံး တုံးပေးတယ်။


ကတုံး တုံးပြီး အပူတွေထွက်လို့ ရှိန်းတိန်းဖိန်းတိန်းနဲ့ နေလို့ထိုင်လို့ ကောင်းသွားသလိုပဲ။

Monday, June 15, 2009

ဆက်ရေးရန်ရှိသော သားလေးဒိုင်ယာရီ

ကိုယ် လိုချင်တပ်မက်ခဲ့တဲ့ သားလေး
ကိုယ့်ဆီရောက်လာပေါ့
မေ ၃၁၊ ၂၀၀၉ တနင်္ဂနွေ မနက် ၈ နာရီ ၅၄။

နာ့စ်မလေးကပြောတယ်
ရှင့်မိန်းမကို ခွဲခန်းခေါ်သွားတော့မယ်
အထဲထိတော့
ရှင် လိုက်လို့မရဘူး
ဒီမှာစောင့်
၄၅ မိနစ်လောက်နေရင်
တယောက်ထွက်လာမယ်၊ ကလေးကိုပြမယ်
ရှင်လိုက်သွားပြီးကြည့်
နောက်ထပ် တနာရီလောက်နေရင်
ရှင့်ဇနီး ဒီအပေါက်က ထွက်လာမယ်
ဒီနေရာက လာစောင့်
ရှင်နားလည်ပါတယ်နော်
အခု ရှင့်အတွက် နာရီဝက်အချိန်ရတယ်
မနက်ခင်းစာသွားစားလိုက်
ပြီးရင်တော့ ဒီနေရာကနေသာ လာစောင့်ပေတော့…

အဲဒီလိုနဲ့ …
နာရီဝက်အတွင်း
ကိုယ်နဲ့အနီးစပ်ဆုံး မျှော်နေမယ့်
အကိုဆီကိုဆက်
အကျိုးအကြောင်းပြော
(အကိုနဲ့ပြောရတာလည်း ကိုယ့်ကိုယ်ကို charging သွင်းနည်းတမျိုးပဲ)
ပြီးတော့
ဇနီးသည်အမေဆီကိုဆက်
အကျိုးအကြောင်းပြော
ကျွဲရိုင်းတဘူးသောက်
နာရီဝက်လောက်နေတော့
အပေါ်ကိုပြန်တက်ပြီး စောင့်…

ထွက်လာပါပြီ
နာ့စ်မလေးတယောက်
သန္တာအောင့်အမျိုးသားလား
ကလေးလိုက်ကြည့်ပါတဲ့…

အဲဒီအချိန် သားကိုတွေ့လိုက်ရတဲ့ ခံစားချက်…
ကိုယ်လက်အင်္ဂါစုံလင်၊ ကျန်းကျန်းမာမာရှိ
သားလေးက အားလုံးပုံမှန်
လာပြတဲ့ နာ့စ်လေးရဲ့ အထပ်ထပ် congratulation အောက်မှာ
ကျေနပ်ပီတိဖြစ်၊ ဒါပါပဲ…

တကယ်တမ်း အဲဒီအချိန်ထိ ကိုယ့်စိတ်က ဇနီးသည်ဆီမှာ
တညလုံး ပုံမှန်မွေးဖို့ ကြိုးစားပြီးပြီ
မရတော့ဘူး၊ ခွဲရတော့မယ့်ဆိုတော့
ဇနီးသည်မျက်နှာ ညိုတိုတိုကို မျက်လုံးထဲကမထွက်
ကိုယ်ကိုယ်တိုင်လည်း တညလုံး အိပ်ပျက်ခဲ့ပေမယ့်
ဇနီးသည်ကို အားပေးဖို့ အားအင်တွေ အပြည့်ဖြစ်ခဲ့တယ်
ဒါ အပြန်အလှန် ချစ်ခြင်းမေတ္တာပေါ့။

အဲဒီလိုနဲ့
နောက်ထပ် ၄၅ မိနစ်လောက်စောင့်အပြီး
တွန်းလှည်းတစီးထွက်လာ
ဇနီးသည် ပက်လက်ကနေ ပြုံးပြ
ပြီးတော့ သူမ နားနေရမယ့် ကုတင်ရောက်
နာ့စ်တွေ အားလုံးပြင်ဆင်ပေးပြီး ထွက်သွားတော့မှ
တယောက်လက် တယောက်ဆုတ်ညှစ်
ဒို့တွေ အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့ကြပြီ
ကိုယ်တို့သားလေး ချောချောမွေ့မွေ့ လူ့လောကထဲရောက်လာပြီ
စိတ်ထဲမှာ လှိုက်ကနဲ တချက်ဖြစ်တယ်…


သားလေးမွေးဖို့ စောင့်နေတဲ့ မေမေ


သားလေးမွေးပြီး မေမေ


မွေးကာစ သားသားလေး

Monday, June 8, 2009

မေ ၃၁၊ ၂၀၀၉ တနင်္ဂနွေနေ့ မနက် ၈ နာရီ ၅၄ မိနစ် သားသားလေး ရောက်လာပြီ။

စနေနေ့ မနက်အစောကြီး ၂ နာရီလောက်ကတည်းက နာလိုက်တဲ့ဗိုက်၊ ည ၈ နာရီကြတော့ ဘယ်လိုမှ မနေနိုင်တာကြောင့် ဆေးရုံကိုပြေးကြရတယ်။ ဆေးရုံရောက်တာနဲ့ ဆရာမတွေက လိုအပ်တာစမ်းသပ်ပြီး မွေးလို့ရပြီ၊ ဆေးရုံတက်တော့ဆိုတာနဲ့ အဲဒီညပဲ မွေးခန်းထဲသွင်းပြီး မွေးဖို့ ပြင်ဆင်ကြတယ်။ တညလုံး လိုအပ်တာတွေလုပ်ပေးပြီး လာစမ်းလိုက်၊ ကြည့်လိုက်နဲ့ မနက် ၆ နာရီထိုးတဲ့အထိ မမွေးနိုင်သေးဘူး။ ဒါနဲ့ ကိုယ်တို့ရဲ့ဆရာဝန်က နောက်ထပ်နည်းနည်းစောင့်ကြည့်လို့မှ သားလေး အောက်မဆင်းလာဘူးဆိုရင် ခွဲမွေးရမယ်လို့ ပြောတယ်။ လိုအပ်သလိုလုပ်ပါလို့ပဲ ပြောရတာပေါ့။ ဒါနဲ့ မနက် ၇ နာရီကျော် ၈ နာရီတီးခါနီးတော့ မရတော့ဘူး၊ ခွဲမွေးမှအဆင်ပြေမယ်ဆိုတာကြောင့် ခွဲခန်းထဲသွင်းပြီး ခွဲမွေးလိုက်တော့မှ သားလေးက ရှောရှောရှူရှူ ထွက်လာတော့တယ်။ ဇနီးသည်ကတော့ ပြောလေရဲ့၊ ဘုန်းကြီးလုပ်မယ့်သားလေးဆိုတော့ အောက်ကမဆင်းချင်ဘူးဆိုတာကြောင့် ဗိုက်ခွဲမွေးပေးရတယ်တဲ့။ သားလေး ကိုယ်အလေးချိန် ၃.၀၆ ကီလိုဂရမ်၊ အရပ် ၄၉ စင်တီမီတာ။ လာကြည့်ကြတဲ့လူတွေကတော့ ပြောလေရဲ့၊ သားလေးက ချောသတဲ့၊ အင်း အဖေတူလို့ပဲ ဖြစ်မှာပေါ့လေ။ :D
သားသားလေး မွေးပြီးပြီးချင်းပုံ။