မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Tuesday, March 31, 2009

အသည်းစွဲ ကဗျာဆရာ ၂

အောင်ချိမ့်

လည်ပင်းကို တိုင်းတယ်
ရင်အုပ်ကို တိုင်းတယ်
ပခုံး၊ ခါး
လက်မောင်းကို တိုင်းတယ်။

လက်ကောက်ဝတ်ကို တိုင်းတယ်
အရှည်ကိုတိုင်းတယ်
‘ကော်တွန်နော်’ ‘ကြယ်သီး ၁၂ လုံးတပ်မယ်’
‘ကော်လာ ထောင်မယ်’။

အပ်ချုပ်ဆရာက
ပေကြိုးကို ပခုံးပေါ် ခွေတင်လိုက်တယ်။

ပြီးတော့
ငါ့ကို ရွှင်ရွှင်ပြုံးပြုံး ကြည့်တယ်။

အင်း။ ကဗျာကောင်းလေးတစ်ပုဒ်လောက် ရချင်လို့
အဲဒါ ..
အဲဒီအင်္ကျီဝတ်ပြီး
ကဗျာ စပ်မလို့။

Thursday, March 26, 2009

ကဗျာခံစားမှု

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အစ်ကိုကြီးလို ခင်မင်ရတဲ့သူတယောက် ကိုယ်ကြိုက်တတ်တဲ့ ကဗျာစာအုပ်လေးတွေ လူကြုံနဲ့ထည့်ပေးလိုက်လို့ သွားယူဖြစ်တယ်။ အဲဒီထဲက တချို့ကဗျာလေးတွေကို တင်မယ်လို့ စိတ်ကူးရင်း အရင်ဆုံး ကိုယ်နှစ်သက်တဲ့ ကဗျာဆရာတယောက်ဖြစ်တဲ့ ဦးချိမ့် (အောင်ချိမ့်) ရဲ့ ကဗျာတပုဒ်နဲ့ စလိုက်မယ်။ ကဗျာစာအုပ်နာမည်က “အသည်းစွဲကဗျာဆရာ” တဲ့။ အားလုံး ၁၅ ပုဒ်ပါတယ်။ စာအုပ်က မြန်မာလိုရော၊ အင်္ဂလိပ်လိုရော ဘာသာနှစ်မျိုးနဲ့ပေါ့။ ဘာသာပြန်တာကတော့ ဆရာမောင်သာနိုးပါ။ စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်တာပါ။ ကဗျာစာအုပ်အဖွင့်မှာ ကဗျာဆရာက ဒီလိုရေးထားလေရဲ့။

ရှုံးပွဲများအတွက် အမှတ်အသား

ရယ်စရာပါ။ ငိုစရာလည်း ဖြစ်နိုင်ပါတယ်။ ကဗျာပါ။ ကဗျာမဟုတ်ဘူးလို့လည်း ပြောနိုင်ပါတယ်။ ဘ၀ဖြစ်ချင် ဖြစ်မှာပေါ့။ ဖတ်ပါဦး။

မောင်ချောနွယ်က “ဘ၀ကို ဟာသဖြင့် မွမ်းမံသောအခါ အတော်အတန်ပျော်စရာကောင်းလာ၏” လို့ ဆိုပါတယ်။ မကြာသေးမီလေးကပဲ သုခမိန်လှိုင်က “ထိပ်ပေါက်ခေါင်းကွဲ.. ဒဏ်ရာတွေဆို ရောင်စုံပတ်တီးလှလှ စည်းပြမယ်” တဲ့။ ကျွန်တော်ကြည့်ဖြစ်နေတဲ့ သီချင်းအချပ်က Bond မိန်းကလေးများတယောအဖွဲ့ ROYAL ALBERT HALL တင်ဆက်မှု ဖြစ်ပါတယ်။ “ပူလောင်မှု” ပါပြီး “ပူလောင်မှုပြေဆေး” လည်း တစ်ပြိုင်နက်တည်း ပါပါတယ်။ အနုပညာဟာ အံ့သြစရာပဲ။ ရေငတ်ပြေခဲ့တယ်။

တစ်နှစ်ခွဲလောက် ကျွန်တော့် ခလုတ်ကသင်းဇာတ်ကို အရယ်အမောမပျက် တစ်လတစ်ပုဒ် မှန်မှန်ရေးနေခဲ့ပါတယ်။ ကျွန်တော် ရယ်ပြနေခဲ့ပုံပါပဲ။

“အသည်းစွဲကဗျာဆရာ” ပေါ့။ စာဖတ်သူများလည်း ကျွန်တော်နဲ့ အတူရယ်ကြပါ။ ကျွန်တော့်ကိုဖြစ်ဖြစ် ရယ်ပါ။ အလကား ငေါင်နေမယ့်အတူတူ ရယ်နေတာ မကောင်းဘူးလား။

တကယ်လို့ “အသည်းစွဲကဗျာဆရာ” ကို မှားပြီး “အသည်းကွဲ ကဗျာဆရာ” လို့ ဖတ်ရင်လည်း .. ရပါတယ်။ You Okay: Thank You.

လေးစားစွာဖြင့်
အောင်ချိမ့်
၅-၉-၂၀၀၈

အသည်းစွဲကဗျာဆရာ ၁

ကဂျိုးကဂျောင် ဟိုကောင်ဝတ်လာတဲ့ တီရှပ်ဟာ ငါ့အပြာရောင် တီရှပ်ပဲ။ တံဆိပ်နဲ့စာတန်းနဲ့ [စာတန်းက Boney'm ရဲ့ Slogan ကို ကူးရေးထားတာ] Love For Sale တဲ့။ အသက်အရွယ်ကိုမှမထောက် မျက်နှာပြောင်ပြောင်နဲ့။

ဒီကောင် ပြီးခဲ့တဲ့ ၁၀ နှစ်မှာ မိတ်ဆွေတစ်ယောက် မတိုးဘူး။ တွဲနေကျထဲက သုံးယောက် ခွာသွားတယ်။ လက်ဖက်ရည်ဆိုင်မှာ သူတစ်ယောက်တည်း။ ထိုင်ရင် ဒူးချိတ်တယ်။ ထရင် ခါးထောက်တယ်။ စိတ်ပါရင် ကဗျာရေးတယ်။ ခပ်တည်တည်ပဲ ကိုယ့်လူ။

ပေါ့သေးသေး မဟုတ်ဘူး။ ‘သူနဲ့တန်းတူတာ ကမ္ဘာမှာကို ရေလိုက်ရင် လက်နှစ်ဖက် မပြည့်ဘူး’ လို့ အမြဲစဉ်းစားတယ်။ အချိန်ပြည့်ကို စဉ်းစားတာ။ ငါ သိတာပေါ့ကွာ။ အဲဒါ ရယ်စရာလိုလို၊ ငိုစရာလိုလို။

ဒါပေမယ့် သူ့မှာ အခိုင်အမာသူငယ်ချင်း၊ ရဲဘော်နှစ်ယောက်ရှိတယ်။ ကိုယ့်မိန်းမနဲ့ဆို သုံးယောက်ပေါ့။ ငွေယူသုံးတယ်။ ဆာရင် တစ်ယောက်နဲ့တစ်ယောက် စားတယ်။ ရန်ဖြစ်လို့ရတယ်။ အခြားသူတွေကို တစ်စက်မှ အထင်မကြီးဘဲ နေလို့ရတယ်။ ဟား လို့ရတယ်။ သနားလို့ရတယ်။ အနုပညာကို ကြီးကြီးချစ်ခဲ့တယ်။ ဟော..။ အခု ဟို ကဂျိုးကဂျောင်ကောင် လမ်းကူးလာပြီ။ ငါ ရေးနေတဲ့ကဗျာကို လက်စသတ်မှ။

လုံလောက်တယ်
ငါတို့ တစ်ယောက်ကို တစ်ယောက် ကိုးကားလို့
ငါတို့ လုံလောက်တယ်။

Saturday, March 21, 2009

စင်ကာပူအမှတ်တရ

ဇနီးသည်ရဲ့ သူငယ်ချင်းတယောက် တိုပါးယိုး ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေးလုပ်တဲ့နေ့က ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို့နဲ့ ဘုန်းကြီးကျောင်းက အပြန်လမ်းမှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို့ပါ။









Thursday, March 19, 2009

ဇနီးသည်ကိုယ်ဝန် ၂၉ ပတ်။

ဇနီးသည် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ တွေးရတောရ၊ ပူရပင်ရ၊ ပြင်ရဆင်ရ၊ လိုအပ်တာလေးတွေ ၀ယ်ထားဖို့ စလုပ်လာရပြီ။ သူ့ခမျာလည်း သားလေးကို လွယ်ထားရတာ ကြာလာတာနဲ့အမျှ ကာယိကဒုက္ခဝေဒနာက ပိုပိုခံစားလာရတယ်ထင်တယ်။ တော်ကြာ ခါးနာလိုက်၊ မြီးညှောင့်ရိုးကနာလိုက်၊ အလိုလိုနေရင်း ပင်ပန်းသလိုဖြစ်လိုက်နဲ့၊ တခါတခါလည်း အားငယ်သလိုလို၊ ၀မ်းနည်းသလိုလိုဖြစ်လို့တဲ့ မျက်ရည်ကလည်း ကျတတ်သေးတယ်။ အခုလို မိဘသားချင်း၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ ဝေးနေရတဲ့ ရေခြားမြေခြားမှာဆိုတော့လည်း နှစ်ယောက်သား တယောက်ကိုတယောက် အားပေး၊ ကူညီစောင့်ရှောက်၊ ဖေးမရင်း အဆင်အပြေဆုံးဖြစ်အောင် နေထိုင်ရတာပေါ့။ ပိုပြီးနားလည်လာရတာက တယောက်ကိုတယောက် နားလည်မှုရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာပါပဲ။

သူလုပ်ရတဲ့အလုပ်ကလည်း တနေ့တနေ့ ကွန်ပျူတာရှေ့မှာပဲ ထိုင်နေရတဲ့အလုပ်ဆိုတော့ အထိုင်များလို့လားမသိ၊ ခါးက တချက်တချက် နာတယ်တဲ့။ တခါတခါကျတော့လည်း ညဘက် အိပ်နေရင်း သားက လှုပ်တော့ သူ့ခမျာ နိုးနိုးနေတတ်တယ်။ ပြီးတော့ ဆီးကလည်း မကြာမကြာ ထထသွားရတယ်။ အဲဒီတော့လည်း အိပ်ရေးပျက်ရှာတာပေါ့လေ။ သားလေးကလည်း အခုတလော တော်တော်လေး လှုပ်တယ်။ တခါတခါ သူ့ဗိုက်ကိုစမ်းခိုင်းလို့ စမ်းကြည့်ရင် ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့ အထဲက သားလေးလှုပ်နေတာကို ခံစားသိနဲ့ သိနေပြီ။ ကိုယ်တွေအတွက်ကတော့ သားဦးဆိုတော့ အတွေ့အကြုံအသစ်တွေပေါ့လေ။

ဟိုတလောက ဒီမှာနေတဲ့ ငယ်သူငယ်ချင်းတယောက်ဆီ သွားလည်ဖြစ်တယ်။ သူ့အမျိုးသမီးကလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလကမှ သားလေးမွေးထားတာ။ သူ့အတွက်ကတော့ သုံးယောက်မြောက် ရင်သွေးဆိုတော့ နဂိုအတွေ့အကြုံရှိထားပြီးသားမို့ အေးအေးဆေးဆေး ကျော်ဖြတ်ခဲ့ပုံပါပဲ။ ကိုယ်ရောက်သွားတော့ သူ့သားလေးကိုပြရင်း ဒီနေ့ပဲ ကလေးကို ရေချိုးပေးပြီး ဆံပင်တွေရိတ်ပေးထားသတဲ့။ အင်း… ကိုယ်ဆိုရင်တော့ ဒီလောက်ပိစိကွေးလေး၊ လှုပ်စိလှုပ်စိနဲ့ဆိုတော့ လုပ်ရဲလိမ့်မယ် မထင်ဘူး။ ဒါပေမယ့်လည်း လိုအပ်လာရင်တော့ ဖြစ်အောင်လုပ်ရမှာပေါ့လေ၊ ဒီလိုပဲ အားမွေးရတာပေါ့။ ပြီးတော့ ကိုယ့်ထက်အရင် အတွေ့အကြုံရှိထားပြီးသားမို့ လိုအပ်တဲ့အကြံဉာဏ် သိချင်တာလေးတွေလည်း မေးရစမ်းရတာပေါ့လေ။

အဲဒီလိုပဲ ဇနီးသည်က သူ ရှာဖွေဖတ်မိတဲ့ ဘလော့ဂ်လေးတခုကို လမ်းညွှန်လို့ ဖတ်မိသေးတယ်။ အဲဒီထဲမှာလည်း ဘလော့ဂ်ပိုင်ရှင်က ဒီမှာကိုယ်ဝန်ဆောင်တဲ့ သူတွေအတွက် သိသင့်သိထိုက်တဲ့ အကြံပြုချက်လေးတွေ၊ ကုန်ကျစရိတ်၊ သူတို့သားလေးအကြောင်း၊ ကလေးအတွက်လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ၀ယ်မယ်ဆိုရင် ဘယ်ဟာအဆင်ပြေတယ်၊ စသည် လမ်းညွှန်ထားတာတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်မိပါတယ်။ အဲဒီဘလော့ဂ်လေးကို ဒီနေရာမှာ ကြည့်လို့ရပါတယ်။
ဒီနေ့တော့ အိမ်မှာဝယ်ထားတဲ့ ကိုယ်ဝန်ဆောင်တွေသိသင့်တဲ့ အချက်တွေရေးထားတဲ့ “ကိုးလလွယ် ဆယ်လမွေး” ဆိုတဲ့စာအုပ်လေး ပြန်ဖတ်မိတယ်။ အဲဒီထဲက ထပ်သိလိုက်ရတာက သားဦးမွေးမယ့်မိခင် အရပ်သိပ်ပုလွန်းရင် (၄ ပေ ၁၀ လက္မအောက်)၊ အသက်သိပ်ငယ်လွန်းရင် (၁၈ နှစ်ပတ်ဝန်းကျင်)၊ အသက်သိပ်ကြီးလွန်းရင် (အသက် ၃၅ နှစ်အထက်)၊ မွေးရဖွားရ ခက်သတဲ့။ တော်သေးရဲ့၊ ကိုယ့်ဇနီးသည်လေးကတော့ အဲဒီထဲက အချက်တွေနဲ့ အကုန်ကင်းလွတ်လို့။

ကိုယ်ဝန်သည်က သိပ်ဝလွန်းရင်လည်း ကလေးကို စမ်းရပြုရတာ အခက်အခဲရှိတော့ တခါတလေ မွေးရဖွားရ အခက်အခဲတွေ့တတ်သတဲ့။ အင်း ကိုယ့်ဇနီးသည်လေးကတော့ နည်းနည်းဝတဲ့အထဲမှာပါတယ်။ ဒါပေမယ့် အလွန်အကျွံအ၀ကြီးတော့လည်း မဟုတ်ပါဘူးလေ။ ပြီးတော့ မြန်မာအမျိုးသမီးတွေရဲ့ စံနှုန်းအရ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ကိုယ်အလေးချိန်ပေါင် ၈၄ ထက်မနည်း၊ ၁၅၄ ထက် မများသင့်ဘူးတဲ့။ သိစရာအချက်တွေကတော့ အများကြီးပါပဲလေ။ ဒါပေမယ့်လည်း အကုန်လုံး အစစကိုက်ညီတဲ့ အနေအထားမျိုးတော့ မရှိနိုင်ဘူးထင်တာပဲ။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာ မြန်မာပီပီ ကလေးရဲ့ကုသိုလ်ကံ၊ လူကြီးရဲ့ကုသိုလ်ကံ၊ ဒါတွေကလည်း ရှိသေးတာမို့ တတ်နိုင်သလောက် အနေအထိုင် အစားအသောက်ဆင်ခြင်၊ ကိုယ်ဝန်ဆောင်တယောက်အတွက် လိုအပ်တဲ့ လမ်းလျှောက်၊ ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပုံမှန်လုပ်ပေး၊ မွေးဖို့ဖွားဖို့အတွက် ကိုယ့်စိတ်ကို ပြင်ဆင်၊ အနားမှာရှိတဲ့ လင်ယောက်ျားကလည်း အားပေးကူညီရင်း အဆင်ပြေပြေ၊ ချောချောမွေ့မွေ့နဲ့ ကျန်းမာတဲ့သားလေး မွေးဖွားလာဖို့ မျှော်လင့်မိတာပါပဲ။

Tuesday, March 10, 2009

ငယ်ပုံရိပ်နဲ့ သားလေးအတွက် အတွေး-၂

ကိုယ်ငယ်ငယ်က မှတ်မှတ်ရရ ပျော်ရွှင်မိတဲ့ ဖြစ်ရပ်တွေထဲက တခုကတော့ ရံဖန်ရံခါ ကိုယ်တို့မိသားစုရယ်၊ ဖေ့အစ်မကြီး ကိုယ်တို့ကြီးကြီး လင်မယားရယ်၊ သူ့သားသမီး မြေးတချို့နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဘုရားအစုံ သွားဖူးကြတာပဲ။ အဲဒီတုန်းက ကိုယ့်မွေးရပ် သင်္ဃန်းကျွန်းမှာပဲ နေနေတုန်း။ ဖေကလည်း ရုံးကားလေးသုံးနေနိုင်တဲ့အချိန်ဆိုတော့ တချို့ရုံးပိတ်ရက်တွေမှာ ရွှေတိဂုံ၊ မယ်လမု၊ ဗိုလ်တထောင်၊ ကျိုက္ကဆံ၊ ကျိုက္ကလို့၊ ကျိုက္ကလဲ့၊ ကမ္ဘာအေး စသည် ဘုရားဖူး ထွက်လေ့ရှိကြတယ်။ ဖေက သူ့အစ်မကြီးဇနီးမောင်နှံကိုလည်း လိုက်ပို့ရင်းပေါ့။ ကိုယ်တို့ကလေးတွေကလည်း ဘာပဲဖြစ်ဖြစ် ကားကြီးစီးပြီး အပြင်ထွက်နေရရင် ပျော်နေတာပါပဲ။ ပြီးရင် ခရီးတထောက်အဖြစ် ကိုယ်တို့ သင်္ဃန်းကျွန်း၊ ဘီအိုစီနားက လက်ဖက်ရည်ဆိုင်ကြီးတဆိုင် (ဆိုင်နာမည်က “ဧည့်သည်” ထင်တယ်၊ သိပ်တော့ မမှတ်မိတော့ဘူး) မှာ ပေါင်မုန့်ရေခဲညှပ် ၀င်စားကြတယ်။ အဲဒီအစားအစာကလည်း အဲဒီတနေရာပဲ စားဖြစ်သလို မမေ့နိုင်လောက်အောင် ကောင်းလည်းကောင်း၊ ကြိုက်လည်းကြိုက်တဲ့ အစားအစာမို့ မှတ်မှတ်ရရ ဖြစ်မိတယ်။
နောက်တခုမှတ်မိတာက အဲဒီလိုပဲ တခါတရံ အားလပ်ရက်လေးတွေမှာ ဖေက (အများအားဖြင့် ဖေရယ်၊ မေရယ်၊ မမနဲ့ ကိုယ် လေးယောက်ပဲဖြစ်တာများတယ်။ အစ်ကိုကြီးကတော့ လူပျိုပေါက်၊ သူငယ်ချင်း အပေါင်းအသင်းမင်တဲ့ အရွယ်ဆိုတော့ မလိုက်တာများတယ်။) ရန်ကုန်မြို့လယ် အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်မှာရှိတဲ့ မင်္ဂလာကဖီးမှာ လိုက်ကျွေးလေ့ရှိတယ်။ အဲဒီဆိုင်ရောက်ရင် ကိုယ်တို့မောင်နှမနှစ်ယောက်အတွက်တော့ ပွဲတော်ပဲပေါ့၊ အဲဒီဆိုင်က ပေါက်စီ၊ အသားပေါင်း၊ နံရိုးပေါင်း၊ ငါးပေါင်း၊ ဘဲသားမုန့်၊ စသည် ကိုယ်တို့မောင်နှမနှစ်ယောက် အပြတ်တွယ်တာပဲ။ ကိုယ်တို့မောင်နှမ နှစ်ယောက်စလုံးကလည်း ပေါက်ဆီ၊ ၀က်သားပေါင်းဆို အသေကြိုက်တော့ တယောက်ကို နှစ်လုံးသုံးလုံး၊ အသားပေါင်းဆိုလည်း တပွဲနှစ်ပွဲ တွယ်ပစ်တာပဲ။ ဖေနဲ့မေကတော့ ကိုယ်တို့စားတာကြည့်ပြီး ပီတိဖြစ်၊ ဖေ့ရုံးကားမောင်းတဲ့ လူကြီးတွေဆိုလည်း ကိုယ်တို့မောင်နှမနှစ်ယောက် စားနိုင်ပုံကိုကြည့်ပြီး တအံ့တသြဖြစ်ပေါ့။ အသက် အတော်အတန်ကြီးလာတဲ့အထိ အဲဒီကားမောင်းတဲ့ ဦးလေးကြီးတွေနဲ့ ပြန်တွေ့ရင် ကိုယ်တို့မောင်နှမနှစ်ယောက် အဲဒီတုန်းက ဘယ်လိုစားနိုင်ကြောင်း တအံ့တသြ၊ ၀မ်းသာအားရ ပြန်ပြောတတ်ကြတယ်။
ငယ်ငယ်တုန်းက စားနိုင်တယ်ဆိုတော့ အခု ကြီးလာတော့ သိပ်မစားနိုင်တော့ဘူးလို့ ထင်မှတ်မှားနေကြဦးမယ်။ ငယ်တုန်းကလည်း ငယ်အထွာနဲ့၊ အခု ကြီးလာတော့လည်း ကြီးအထွာနဲ့ စားနိုင်တာပါပဲ။ အခုအချိန်ကြတော့ ကိုယ်က အစားဆိုရင် ကိုယ်တိုင်လည်း ကောင်းကောင်းချက်ပြီးစား၊ ကိုယ်နဲ့ အနီးကပ်ရှိနေတဲ့သူကိုလည်း အတင်းကျွေးတတ်သေးတယ်။ ဟုတ်မဟုတ် ကိုယ်တို့အိမ်ထောင်သက် ၅ နှစ်အတွင်း ဇနီးသည်လေးခမျာ ကိုယ်အလေးချိန် ၂၀ ကီလိုလောက် တက်လာတာသာကြည့်ပေတော့။း)

Tuesday, March 3, 2009

ညီလေး

ကြည်မောင်သန်း

ညီလေး
ငါတို့ ဘယ်တော့မှ ထွက်မပြေးဘူး
ထွက်မပြေးဘူး
ဒါဟာ ငါတို့ရဲ့ သစ္စာ
ညီလေး
ခုဆို မင်းက အတွင်းကြေ
ငါတို့က အပြင်ကြေ
ညီလေး
သွေးဟာ သွေးပဲ
ဘယ်တော့မှ ရေ မဖြစ်ဘူး

ညီလေး
ညီညီလွင်က ပြောတယ်
မင်းအတွက် နေ့စဉ် မောရသုတ် ရွတ်မယ်တဲ့
ညီလေး
သိန်းသိန်းကပြောတယ်
ပျော်လို့ ခုန်ချကြတာပဲ
ဒုက္ခ ခံကြရမှာပေါ့တဲ့
ညီလေး
ရဲဌေးက ပြောတယ်
ငါတို့တွေ ရှင်ကွဲပါကွာ
မကြာခင် ပြန်တွေ့ကြရမှာပါတဲ့

ဟုတ်တယ် ညီလေးရေ
သေကွဲပေါင်းများစွာ
ငါတို့ တွေ့ခဲ့ပြီးပါပြီ

ညီလေးရေ
အဆင်ပြေတော့လဲ “ဟိုက် ကော်မရှင်နာ”
အဆင်မပြေတော့လဲ “ဇေ”
တို့တွေ “ဇေ” သောက်လိုက် “ဘေ”၀တ်လိုက်နဲ့
မိုက်မိုက်မဲမဲ ပျော်ရွှင်ခဲ့ကြတာ

ညီလေးရေ
မင်းမရှိတော့
ငါတို့ရဲ့ မယ်ဇလီပင်လည်း ခြောက်သွေ့ပါတယ်ကွာ...

ညီလေး
မင်းက အစားကောင်း အသောက်ကောင်း ကြိုက်တယ်
အချက်အပြုတ် ၀ါသနာပါတယ်
မင်းနဲ့ငါ မနက်တိုင်း ဈေးအတူ သွားခဲ့ကြတာ
ခုတော့လည်း လွမ်းစာ
ညီလေး
လက်ဖက်ရည်ဆိုင်က စားပွဲထိုးက မေးတယ်
သူငယ်ချင်း မပါဘူးလားတဲ့

ညီလေး
ကုန်စိမ်းသည်တွေ ငါးစိမ်းသည်တွေက မေးတယ်
ဗိုက်ပူမပါဘူးလားတဲ့

ညီလေး
မမိုးက မေးတယ်
လုံးချော ဘယ်ပျောက်နေလဲတဲ့

ညီလေး
ထပ်ပြောဦးမယ်
ငါတို့ ဘယ်တော့မှ ထွက်မပြေးဘူး
ထွက်မပြေးဘူး
ဒါဟာ ငါတို့ရဲ့ ယဉ်ကျေးမှု
ငါတို့ရဲ့ သွေးအမျိုးအစား
ငါတို့ရဲ့ တရားအမှန်

ညီလေး
ငှက်တသောင်း နားနိုင်ဖို့
သစ်ကောင်းတပင် ဖြစ်ခဲ့ရင်
မင်း တာဝန်ကျေပါတယ်ကွာ.....။ ။
(မိုးမခအင်တာနက်စာမျက်နှာမှာ ကူးယူဖော်ပြပါသည်။)