မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Friday, January 30, 2009

အပျော်ဖတ်နေ့တချို့ထံ အလည်အပတ်

ဒီလောက်လွယ်လွယ် လိုက်လျော
နေတာတောင်မှ
အာသာက မပြေနိုင်သေး
လောကဓံရယ်လေ
ရေနည်းငါးလို ဘ၀ကိုမှ
သဲသဲမဲမဲ တွယ်ကပ်လို့၊

ခြေသလုံးအိမ်တိုင် စိတ်ကူးမြေရိုင်းတွေမှာ
အိမ်မက် “တစ်သက်တာ” လောက် ထွန်ယက်ခဲ့
အသစ်အဆန်းရှုမျှော်ခင်းတွေဆီက
ညစ်ထေထေ အပြုံးတစ်ပွင့်ရခဲ့
အဲဒီမနက်က ကိုယ့်ကိုယ်ကို မှန်ထဲကြည့်မိတော့
မှားယွင်းမှုတို့ ကျင်လည်ပေါက်ဖွားရာ
ရေဆိုးမြောင်း တစ်ခုအဖြစ် မြင်ရ
ခပ်ဖွဖွ ရယ်မောလိုက်ရတယ်၊

အဲဒီအနံ့ဆိုးဆိုး မြောင်းကလေး
အနေအထိုင် မတတ်ပုံက
သူဟာ ကမ္ဘာကြီးကို လှည့်လည်သူ
ပင်လယ်ကူး သင်္ဘောကြီး တစ်စင်းတဲ့၊
ပြီးတော့ ထပ်ပြီး
သူဟာ ဘုရားသခင်ရဲ့ လက်ဖျံရိုး တစ်ချောင်းတဲ့
မြူတစ်မှုန်အစ စကြာဝဠာအဆုံး
ဖန်ဆင်းလိုက်မယ်တဲ့၊
ဒီလောက် တစ်ဘ၀လုံး မီးလောင်နေတာတောင်မှ
သူဟာ ခံစားမှု ၀ါဒီ စစ်စစ်တစ်ယောက်ပါ
ရင်ခုန်တာပဲ ယုံတယ် လို့ စိတ်ကြီးဝင်နေဆဲပေါ့၊

အဆီအငေါ် မတည့်တဲ့
နေ့တွေ ညတွေမှာ
စီးကရက်ဖွာလိုက်
မြင်မြင်ရာ အငေါ်တူးလိုက်
ညည်းညူသံတွေကို ညည်းညူလိုက်နဲ့
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ
သူ့ကို မကြည်ဖြူတဲ့ လောကကြီးထဲ
အရသာရှိရှိ သီးပွင့်ဖို့ပဲ မဟုတ်လား
အဲသလို ဆိုပြီးတော့
ကိုယ့်ကိုယ်ကို သိပ်ကျေနပ်သွားပုံနဲ့
သီချင်းညည်းနေပြန်တယ်၊

အေးအေးလူလူပဲ စီးဆင်းခဲ့
ဒဏ်ရာတွေကို ပုံကြီးချဲ့ဖို့ ဆိုတာက
အရှုံးပေါ် သိပ်လေးနက်ရာ ကျနေမလား၊
မြစ်တစ်စင်းလို နေထိုင်ခဲ့ပြီးမှ
ကွေ့ကောက်မှုကို ယိုးမယ်မဖွဲ့ လိုတော့ပါ။ ။
ဘုန်းသက်ပိုင်
(၂၀၀၇ မတ်လထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။
မူရင်းစာလုံးပေါင်း သတ်ပုံအတိုင်း ဖြစ်ပါသည်။)

Friday, January 23, 2009

တကယ်ပဲ ကိုယ်တို့အတွက် သားလေး။

မနေ့ (Jan 22) က ချိန်းထားတဲ့အတိုင်း ဇနီးသည် ဆေးရုံသွားပြတယ်။ ကိုယ်ဝန်ငါးလပြည့်သွားပြီမို့ ဒီကထုံးစံအတိုင်း ကိုယ်တို့သန္ဓေသားလေး ကိုယ်လက်အင်္ဂါ စုံမစုံ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းမကောင်း၊ Detail Scan လုပ်ရတယ်။ အဲဒီမှာ သားလေးဆိုတာ အသေအချာ သိရတာပဲ။ ကိုယ့်အတွက်ကတော့ ပျော်ရွှင်မှုက အတိုင်းအဆမဲ့ပေါ့။ ကိုယ်က သားလေးလိုချင်တာလေ။ ဒါကလည်း ပြောမယ့်သာ ပြောတာပါ၊ ကိုယ့်ရင်သွေး ဘာပဲဖြစ်ဖြစ် ချစ်ရမှာပါပဲ။ သမီးလေးမွေးရင်လည်း ငယ်ငယ်လေးကတည်းက ဆံပင်ရှည်ထားခိုင်းမယ်၊ နားပေါက်လည်း စောစောစီးစီးကတည်းက ဖောက်ပြီး နားကပ်ကောင်းကောင်းလေး ပန်ပေးမယ်လို့ စိတ်ကူးမိတာနဲ့ ဇနီးသည်ကိုပြောပြတော့ မျက်စောင်းဒဏ်ခံရသေးတယ်။

ဆေးရုံမှာ Scan ဖတ်နေတုန်း ဖတ်ပေးတဲ့ဆရာဝန်မက ဒါက နှလုံး၊ ကျောက်ကပ်၊ ခေါင်း၊ လက်၊ ခြေ၊ ခန္ဓာကိုယ်၊ နောက်ကျောရိုးမကြီး၊ နှုတ်ခမ်း၊ စသည် စသည် ခန္ဓာကိုယ်အစိတ်အပိုင်း တခုချင်းစီ သေသေချာချာဖတ်ပြီး ပြောသွားလိုက်တာ ကိုယ်တွေမှာ ရင်တမမနဲ့ပေါ့။ အဲဒီ screen ကိုကြည့်ပြီး သူပြောတာနားထောင်လိုက်၊ လိုက်ကြည့်လိုက်နဲ့။ တခုကြည့်လိုက် ကောင်းတယ်လို့ပြောလို့ သက်ပြင်းချလိုက်၊ နောက်တခုကြည့်လိုက် ကောင်းတယ်ဆိုမှ သက်ပြင်းချလိုက်နဲ့၊ အတော်တော့ ရင်မောရသား။

အဲဒီမှာ Scan ဖတ်ပြီးတော့ နေ့လယ်ကြတော့ ပြနေကြဆရာဝန်နဲ့ တွေ့ရတယ်။ ဆရာဝန်က Scan Result ကိုကြည့်ပြီး အကျိုးအကြောင်း ရှင်းပြတယ်။ ဒီဟာက ၉၀% တိကျတယ်လို့လည်း ပြောတယ်။ အားလုံး ယေဘုယျအနေနဲ့ ကလေးအနေအထားက ကောင်းတယ်လို့လည်း ပြောတယ်။ ယောက်ျားလေးဆိုတော့ သူတို့ကလည်း Congratulation လုပ်ကြတယ်။ တရုတ်တွေမို့လို့ ယောက်ျားလေးကို ပိုတန်ဖိုးထားသလား မပြောတတ်ပါဘူး။ Congratulation လုပ်လိုက်တာ သုံးလေးခါပဲ။ ပြီးတော့ ကလေးထွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အစားအစာတွေ အရမ်းမစားလို့ ပြောတယ်။ ကလေးက လိုအပ်သည်ထက်ထွားနေရင် မွေးရဖွားရ ခက်လိမ့်မယ်တဲ့။ ပုံမှန်အတိုင်းပဲ စားသောက်ပါတဲ့။ ဇနီးသည်ကိုတော့ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ဖို့ ပြောလိုက်တယ်။ လမ်းလျှောက်၊ ရေကူး စသည်ပေါ့။ ဘာပဲပြောပြော အခုအထိ ကလေးအနေအထားနဲ့ပတ်သက်လို့ ကောင်းတယ်လို့ ကြားရတော့ စိတ်ချမ်းသာရတယ်။ အဲဒါနဲ့ တဆက်တည်းစဉ်းစားမိတာက ကိုယ်တို့ အမေတွေ ကိုယ်တို့ကို မွေးဖွားဖို့ ကိုယ်ဝန်ဆောင်ခဲ့တုန်းက အခုလို Scan လုပ်ရတာလည်းမရှိ၊ ဘာမှမသိ၊ ဘာမှမရှိဘဲ ဒီလိုပဲ မွေးလာခဲ့ကြတာ။ အခု တိုးတက်လာတဲ့ခေတ် အခြေအနေနဲ့၊ နည်းပညာတွေနဲ့ အခုလို သန္ဓေသားကို ကြိုပြီး ကြည့်တာတို့၊ ဘာတို့၊ ဘာတွေ ကွာခြားပြီး ဘာတွေ ထူးခြားလဲ၊ ကိုယ်လည်း တခါတခါစဉ်းစားရင်း ဦးနှောက်ခြောက်မိလေရဲ့။ ဘာပဲဖြစ်ဖြစ်ပါလေ၊ ကိုယ့်ရင်သွေး၊ ကိုယ့်သားသမီးဆိုတဲ့ စိတ်၊ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာနဲ့ အရာရာဟာ လှပနေမယ်လို့တော့ ယုံကြည်စူးနစ်နေမိတယ်။

ဖုန်ခါခြင်း

ဘလော့ဂ်လေးလည်း ဖုန်တက်နေပြီ။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် ဖုန်လေးဘာလေးခါရင်း စိတ်ကူးထားတာလေးတွေ ရေးမယ်လို့ စဉ်းစားမိတယ်။ တကယ်က ရေးစရာလေးတွေက ရှိပါတယ်။ ကျန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်း စိတ်လက် မကြည်မသာဖြစ်တာ၊ စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေ ကြုံရတာနဲ့ပဲ ဘာမှမရေးဖြစ်တာ။ ကိုယ်ကလည်း အဲလိုပါပဲ၊ တခုခု စိတ်ကသိကအောက်ဖြစ်မိပြီဆိုရင် ဘာမှကို လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ အဲဒီစိတ်က မကောင်းမှန်းသိပေမယ့်လည်း အနှစ်သုံးဆယ်ကျော်လောက် စွဲလာတာဆိုတော့ ရုတ်တရက် မဖြေဖျောက်နိုင်ဘူးဖြစ်နေတယ်။ ကဲ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ အနည်းဆုံး ဖုန်ခါလိုက်ပြီ။

တခါတခါတော့လည်း
ကိုယ်နဲ့စိတ်မှာ ဖုန်အလိမ်းလိမ်း
ကိုယ်ကိုယ်တိုင် သိလိုက် မသိလိုက်
ရှေ့နောက် ပြောင်းလဲဖြစ်စဉ်
ကျေနပ်တယ်၊ မကျေနပ်ဘူး
အကောင်း၊ အဆိုး
ဘာမှ မရေရာ၊ မသေချာ
ချစ်ခြင်း၊ မုန်းခြင်း
ဝေးကွာခြင်းလား၊ နီးစပ်ခြင်းလား
တခုခုတော့ သေချာခြင်တယ်
ဒီနေ့တော့ ဖုန်ခါလိုက်ပြီ။

ဘာရယ်ညာရယ်မဟုတ်၊ စိတ်ထဲပေါ်လာတာ ရေးခြင်းမျှသာ။

Thursday, January 15, 2009

ကဗျာခံစားမှု

ဒီကဏ္ဍလေးမှာ ကိုယ်ဖတ်မိတဲ့ ကဗျာတွေထဲက နှစ်သက်တာလေးတွေ တင်မယ်လို့ စိတ်ကူးမိတယ်။ ကိုယ့်ဘာသာ စိတ်ကူးတည့်ရာ လက်တည့်စမ်းရေးထားတာလေးတွေလည်း အပါအ၀င်ပေါ့။ စောင့်မျှော် ဖတ်ရှုကြပါကုန်။

ကလေးကစားစရာ မုန့်ဖိုး၊ ရူးသွပ်ဖွယ်ဈေးနှုန်းဖြင့် ကျေးဇူးကမ္ဘာ

အိပ်ခန်းထဲ တယောက်အိပ်လို့
အိမ်ရှေ့ထွက်ကြည့်တော့လည်း အပြင်ကတယောက်
ဒီမျက်နှာပဲ
အပြင်ကပြန်လာလို့
အိမ်ထဲပြေးဝင်ကြည့်တော့လည်း
အနှီးကိုဖြေချဆော့ကစားနေတာ
ဒီမျက်နှာလေးတွေပဲ
အဖေနဲ့အမေ အိမ်ပြန်လာရင်
အိမ်ကို လမ်းပေါ်ကပြန်ကောက်ရမလား
မြစ်ထဲကပြန်ဆယ်ရမလား
ရှေ့တယောက် နောက်တယောက်
မ ရွှေ့သွားတာ
အိမ်ကိုဇောက်ထိုးလုပ်ထားတာ
တွေ့ရမှာပဲ။
ကြည့်စမ်း၊ စာအုပ်တွေ တအုပ်ပြီးတအုပ်
ဆွဲထုတ်လာပြန်ပြီ
အ၀တ်ခြင်းကို တွန်းလှဲပစ်လိုက်ပြန်ပြီ။
ရှေ့တယောက် မတ်တပ်စမ်းနေတုန်း
နောက်တယောက် လမ်းပေါ်ရောက်လာပြီ
အရိုးထဲက အသားထွက်တယ်
(ရပ်ကွက်ကလည်းပြောတယ်)
လှည်းနေလှေအောင်း မြင်းစောင်းမကျန်
ဆွေပြမျိုးပြ
ကမ္ဘာပြ ပြရမှာပဲ။
အရင်တုန်းက သမီးကြီးဟာ
ကျနော်တို့ရဲ့ ကစားစရာ
အခုတော့ ညီမလေးတယောက်
ကစားစရာ ကမ္ဘာတခု သူကောက်ရပြီ
တယောက်ပျော်ရင် တယောက်အော်လို့
ပြတင်းပေါက်ကိုဖွင့်ရင် ပန်းများပွင့်လို့
နေရောင်ခြည် ပန်းသီး လိပ်ပြာ အိပ်မက်
ကမ္ဘာဟာ မှန်မှန်လည်လို့
သမီးပြီးတော့ သမီး
ငါဟာ အရင်းပြန်ရလို့။ ။
စိုင်းဝင်းမြင့် (၂၀၀၆၊ ဇူလိုင်)

Thursday, January 8, 2009

မေမေ အမှတ်တရ


ဒီနေ့ သတင်းဌာနတခုမှာလုပ်နေတဲ့ သူငယ်ချင်းတယောက်က အမေများနေ့အမှတ်တရ ဝေးကွာနေရတဲ့ အမေနဲ့ပတ်သက်လို့ အမှတ်တရ တခုခုပြောပေးဖို့ တောင်းဆိုလာတာနဲ့ အမှတ်တရ ပြောဖြစ်တယ်။

တကယ်တမ်း ကိုယ်က ငယ်ငယ်တုန်းက မေ့ကို ဒီလောက်ကြီးချစ်တယ်လို့ မခံစားခဲ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေမေက ရိုက်လို့၊ ကြောက်ရလို့လို့ နောက်ပိုင်း ကိုယ့်ဘာသာ ပြန်စဉ်းစားမိတယ်။ ဟုတ်တယ်၊ ကိုယ့်မေမေက အရိုက်ကြမ်းတဲ့မိခင်တယောက် မဟုတ်ပေမယ့် တခါတခါ အလိုမကျရင်တော့ ကောင်းကောင်းတွယ်တတ်တယ်။ ရံဖန်ရံခါ အဆော့မက်နေတာတို့၊ အိမ်အလုပ်မပြီးတဲ့အခါတို့ဆိုရင် အိမ်ရှေ့ထွက်ပြီး နားရွက်ဆွဲ ထိုင်ထလုပ်ရတာတွေ ဘာတွေတောင် ရှိဖူးတယ်။ ကိုယ် မမေ့နိုင်တဲ့ ငယ်ငယ်က အဖြစ်အပျက်တွေထဲမှာ အဲဒီ အိမ်ရှေ့ထွက် နားရွက်ဆွဲပြီး ထိုင်ထလုပ်ခဲ့ရတာတောင် ပါသေး။ ငါးတန်း၊ ခြောက်တန်းအရွယ်ဆိုတော့ ရှက်လည်းရှက်တတ်နေပြီလေ။ ပြီးတော့ ကိုယ်က ငယ်ငယ်က ကြောက်ကလည်း အတော်ကြောက်တတ်တာ။ အဲတော့ ရိုက်ဖို့မပြောနဲ့၊ တခါတလေ တယောက်ယောက်က မျက်လုံးပြူးပြီး အော်လိုက်ရင်တောင် နေစရာမရှိလောက်အောင် ဖြစ်တတ်တယ်။ ဒါတွေနဲ့ပတ်သက်လို့ “ငယ်ပုံရိပ်” ဆိုပြီး ရေးဖို့ စဉ်းစားထားသေးတယ်။ သားလေးကိုလည်း ပြောပြရင်းပေါ့။

နောက်ပိုင်း ကိုယ် အသက်အတော်အတန် ကြီးလာတဲ့အချိန်၊ နည်းနည်းလေးလည်း စဉ်းစားတတ်လာတဲ့အချိန်တွေရောက်မှ (အသက် နှစ်ဆယ်၊ အစိတ် လောက်ကနေ အခုအထိပေါ့) မေမေ့ကို သနားတတ်၊ နားလည်တတ်၊ စာနာတတ်၊ ပိုပြီးလည်း ချစ်တတ်လာတယ်ထင်တယ်။ ကိုယ့်မေမေက သားသမီးတွေအပေါ် တော်တော်ချစ်ရှာတယ်။ အလိုလိုက်ခြင်း၊ မလိုက်ခြင်းကတော့ ဘ၀ အခြေအနေနဲ့လည်း ဆိုင်မယ်ထင်တဲ့အတွက် သိပ်အလိုလိုက်ခြင်းတော့ မခံခဲ့ရဘူး။ ကိုယ်တို့က ငယ်စဉ်ဘ၀ တချို့အချိန်တွေနဲ့ ကျန်ခဲ့တဲ့ ငါးနှစ်၊ ဆယ်နှစ်လောက်အထိက အဆင်မပြေ၊ အတော်ရုန်းကန်ခဲ့ရတာကိုး။ ကိုယ်အတော်အတန်ကြီးတဲ့အထိ ကိုယ့်မေမေက ကိုယ့်ကို အဆင်မပြေတဲ့အကြောင်း မညည်းတွားခဲ့ဖူးဘူး။ ကိုယ်က အိမ်မှာ အငယ်ဆုံးဖြစ်တာလည်း ပါမယ်ထင်တာပဲ။ ရှေ့က အစ်ကိုကြီးနဲ့ အစ်မတို့ကိုတော့ သူ ညည်းရင် ညည်းရှာမှာပေါ့လေ။

အခုကြတော့ ကိုယ်က အဝေးတနေရာမှာ၊ ကိုယ့်မေမေကတော့ မွေးရပ်မြေမှာပဲ ကိုယ့်ဖေဖေ၊ ကိုယ့်အစ်မသားအမိနဲ့ပေါ့။ အခုလို ဝေးနေတဲ့အချိန် တခါတလေ ကိုယ်စိတ်ညစ်ရင်၊ အဆင်မပြေရင်၊ တခြား ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့၊ ပြောပြချင်စိတ်မရှိတဲ့ အခါမျိုးတွေမှာ မေ့ဆီကိုဖုန်းဆက်ပြီး တခုတ်တရ ပြောပြဖြစ်တယ်။ မေမေက ကိုယ့်အတွက် အကောင်းဆုံးနားတစုံကို ပိုင်ဆိုင်တယ်လို့ ကိုယ်ယုံကြည်တယ်။ ပြီးရင် သူစဉ်းစားလို့ရသလောက် ကိုယ့်ကို အကြံဉာဏ်တွေ ပေးတတ်တယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိပါ၊ အဲဒီလို ပြောပြလိုက်ရ၊ ရင်ဖွင့်လိုက်ရတယ်ဆိုရင်ပဲ ကိုယ်လည်း ပေါ့ပါးသွားတတ်တာပဲ။ ပြီးတော့ ကိုယ်တို့တွေ ချစ်တတ်လာအောင်၊ ချစ်တတ်တဲ့စိတ်တွေပေါ်လာအောင် မေမေက သူပိုင်ဆိုင်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နှလုံးသားတစုံနဲ့ ကိုယ်တို့ကို ချစ်ပြတတ်တယ်လို့ ကိုယ်တော့ တွေးမိတယ်။

တကယ်ပါ၊ ခုန သူငယ်ချင်းကို မေမေနဲ့ပတ်သက်ပြီး အဝေးရောက်သားတယောက်ရဲ့ အမှတ်တရ ပြောပြနေတဲ့အချိန်မှာပဲ စိတ်ထဲမှာ လှိုက်ကနဲဖြစ်ပြီး အသံတွေဘာတွေ တုန်ချင်ချင် ဖြစ်မိသေးတယ်။ စိတ်ထဲကလည်း တမ်းတမ်းတတကိုပဲ သတိတရ ဖြစ်လိုက်မိသေးတယ်။

မေမေ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိပါစေ။

Tuesday, January 6, 2009

ဆရာဝန်ကတော့ ယောက်ျားလေးလို့ မှန်းသတဲ့။

ဇန်န၀ါရီ ၂ ရက်နေ့က ဇနီးသည်ကို ဆေးခန်းသွားပြတယ်။ ခါတိုင်းပြနေကြ ဆရာဝန်မဟုတ်ဘဲ ပထမဆုံးအကြိမ် ပြောင်းပြတာ။ ကိုယ်တို့ဆီကလိုဆိုရင်တော့ ကလေးဆေးရုံကြီးလို ဟာမျိုးပေါ့။ ဒီမှာတော့ KK Women and Children Hospital လို့ခေါ်တယ်။ အဲဒီဆေးရုံက ဖွင့်ထားတဲ့ ဆေးခန်း၊ ကိုယ်တို့အိမ်နဲ့လည်း တဘူတာပဲဝေးတယ်။ ဆရာဝန်ကလည်း ခပ်ငယ်ငယ်ပါပဲ၊ ကိုယ်နဲ့မှ မတိမ်းမယိမ်းလောက်ရှိမယ်။ ထုံးစံအတိုင်း ဆီးစစ်၊ ပေါင်ချိန်၊ ပြီးတော့ Ultra Sound ရိုက်ပေါ့။ အဲဒီတော့ ကိုယ်တို့ကလည်း သိချင်နေတာနဲ့ မေးတာပေါ့၊ ဘာလေးလဲလို့။ အခုပြတဲ့ဆေးခန်းက Ultra Sound စက်က နောက်ဆုံးပြခဲ့တဲ့ဆေးခန်းလောက်တော့ ကောင်းပုံမရဘူး၊ နည်းနည်းမှုန်နေတာနဲ့ ဆရာဝန်ကလည်း မှန်းပြီးပဲ ပြောလို့ရသေးတယ်။ သူကတော့ ယောက်ျားလေးလို့ မှန်းတယ်တဲ့။ ဒီလ ၂၂ ရက်နေ့ ထပ်လာဖို့ ချိန်းထားတယ်။ အဲဒီကြရင်တော့ သူတို့ဆီကထုံးစံ ၅ လပြည့် Scan လုပ်ရမယ်။ ကလေး ကိုယ်လက်အင်္ဂါ စုံမစုံ၊ အနေအထား မှန်မမှန်၊ စတာတွေ သိရဖို့အတွက်တဲ့။ အဲဒီကြရင်တော့ သေသေချာချာ သိရမယ်လို့ပြောတယ်။
အခုပြတဲ့ ဆရာဝန်က မိခင်အတွက်၊ ကလေးအတွက် သိသင့်တဲ့၊ ဖတ်ရမယ့် စာအုပ်လေး ပေးလိုက်တယ်။ အဲဒီထဲမှာ ရေးထားတဲ့အတိုင်းဆိုရင်တော့ ကိုယ်ဝန်သည်တယောက်က လေကြောင်းနဲ့ ပြည်တွင်းခရီးသွားမယ်ဆိုရင် ကိုယ်ဝန် ၃၆ ပတ်အထိ သွားလို့ရပြီး နိုင်ငံခြားခရီးဆိုရင်တော့ ကိုယ်ဝန် ၃၂ ပတ်အထိ သွားလို့ရသတဲ့။ ဘာပဲဖြစ်ဖြစ် အရင်ဆရာဝန်ရဲ့ ၂၈ ပတ်ထက်စာရင်တော့ တော်သေးရဲ့ပြောရမယ်။ ဒါပေမယ့် သေသေချာချာ သိရအောင်တော့ နောက် တခါနှစ်ခါ ပြပြီး အခြေအနေ မေးကြည့်ရမှာပဲ၊ ပြန်မွေးဖို့ကိစ္စအတွက်။
ဆေးခန်းမှာ Ultra Sound နဲ့ကြည့်တော့ ကလေးက လှုပ်နေတာပဲ၊ ဆရာဝန်ကတော့ အနေအထားကောင်းတယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရင်သွေးလေး လှုပ်လှုပ်ရှားရှား ဖြစ်နေတာတွေ့ရတော့ ပီတိဖြစ်ရတယ်။ ခြေထောက်လေးတွေက လှုပ်မှလှုပ်။ အခု ကိုယ်ဝန်ကလည်း ၁၉ ပတ် (၅ လထဲမှာ) ဆိုတော့ တခါတခါ ကလေးလှုပ်တာ နည်းနည်းသိနေပြီလို့ ဇနီးသည်ကပြောတယ်။ အဖေက ဘောလုံးဝါသနာပါလို့ ကလေးက အထဲမှာ ဘောလုံးကန်နေသလားလို့တောင် တွေးပြီး ပြုံးမိသေးတယ်။
မနေ့က ကိုယ်တို့ငှားနေတဲ့ အိမ်ရှင်က ဖုန်းဆက်ပြီး ကလေးကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်၊ ကျွေးမွေးရမယ်ဆိုတဲ့ စာအုပ်လေးတွေရယ်၊ ကလေးတွေ အင်္ဂလိပ်စာလေ့လာဖို့ ပုံတွေနဲ့ စာအုပ်လေးတွေရယ်၊ သားရေခံရယ်၊ ကလေးအတွက် စောင်တထည်ရယ် လာယူဖို့ပြောတာနဲ့ သွားယူရသေးတယ်။ ပထမဆုံး သားလေးအတွက်ရတဲ့ လက်ဆောင်ပေါ့။ အင်္ဂလိပ်လိုရေးထားတဲ့ ကလေးကို ဘယ်လိုပြုစုစောင့်ရှောက်ရမယ်၊ ဘာတွေကျွေးသင့်တယ်၊ ဘယ်လိုထားသင့်တယ် စသည်ရေးထားတဲ့ စာအုပ်လေးတွေက တော်တော်ကောင်းပါတယ်။ ကိုယ်တော့ နည်းနည်း ဟိုလှန်ဒီလှန်ပဲ ကြည့်ရသေးတယ်။ ဇနီးသည်ကတော့ ညက ဖတ်ကြည့်ပြီး သဘောကျနေတယ်။ ကိုယ့်ကိုလည်း သေသေချာချာဖတ်လို့ ညွန်ကြားချက်ထုတ်လေရဲ့။ ဘာပဲဖြစ်ဖြစ် ဗဟုသုတအနေနဲ့ ဖတ်တော့ ဖတ်ကြည့်ရဦးမယ်။